နွားထိုးကြီးမှာ ဒေသခံ ၃ ဦးကို စစ်တပ်ကပစ်သတ်ပြီး နေအိမ် ၁၅ လုံးကိုမီးရှို့

0 22
0 22

နွားထိုးကြီး၊ အောက်တိုဘာ ၂၇၊ ၂၀၂၅။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်းထိုးပြီးနောက် ဒေသခံ ၃ ဦးပစ်သတ်ခံခဲ့ကာ နေအိမ် ၁၅ လုံးကိုမီးရှိုခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၆ ရက်မနက် ၉ နာရီခန့်မှာ နွားထိုးကြီးမြို့ပေါ်ကနေ အင်အား ၁၂၀ ပါစစ်ကြောင်းက ကျေးရွာထဲကို အဖွဲ့ ၃ ဖွဲ့ခွဲဝင်ရောက်လာပြီးနောက် ထွက်ပြေးတဲ့ဒေသခံ ၃ ဦးကိုပစ်သတ်ပြီး နေအိမ်တွေကိုမီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်ယောက်ဖတယောက်ရယ်။ တူတော်မောင်တယောက်ရယ်ပါသွားတယ်။ တိုက်ပွဲမဖြစ်ဘူး။ အလွတ်ဖောက်ပြီးဝင်လာတယ်။ ရွာထဲက ပြည်သူတွေတွေ့တဲ့ဟာကို ဖမ်းပြီး သတ်ပစ်တာ။ ဘာအပြစ်မှမရှိပါဘူးဗျာ။ ပြီးတော့ရွာကို မီးရှို့တာ။” လို့ ရွာခံတဦးကပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၁၄ နှစ်အရွယ် မောင်ကောင်းကောင်း၊ အသက် ၅၀ ဝန်းကျင်အရွယ် ဦးကျော်လှိုင်နဲ့အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသား ၁ ဦးတို့ဖြစ်ပြီး စစ်ကော်မရှင်အဖွဲ့တွေက ဖမ်းမိပြီးနောက် ဦးခေါင်းကိုသေနတ်နဲ့တော့ပစ်ခတ်ခဲ့တာလို့ သူကဆက်ပြောပါတယ်။

ထနောင်းပင်လဲရွာမှာ အိမ်ခြေ ၁,၀၀၀ ကျော် လူဦးရေ ၄,၀၀၀ ကျော်ရှိပြီး စစ်ကြောင်းကမီးရှို့လို့ နေအိမ် ၁၅ လုံးကျော်မီးလောင်ပျက်စီးခဲ့ကာ ဒေသခံတွေလည်းရွာကတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်း ရွာကိုမီးရှို့ပြီးနောက် ပြန်လည်ဆုတ်ခွာသွားပြီး အောက်တိုဘာ ၂၇ ရက်မနက်မှာ ကျေးရွာထဲကိုပြန်ရောက်လာတဲ့အတွက် ရွာခံတွေလည်း ရွာထဲပြန်မဝင်ရဲကြသေးဘူးလို့ သိရပါတယ်။

အဆိုပါ ကျေးရွာမှာ MDY-PDF အဖွဲ့တွေအပါအဝင် PDF အင်အား ၅၀ ထက်မနည်းကျေးရွာထဲ ခိုအောင်းနေတဲ့အတွက် နယ်မြေရှင်းလင်းရေးလုပ်ပေးဖို့ဆိုကာ စစ်ကော်မရှင်ထောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာလ ဒုတိယအပတ်လောက်ကတည်းက ရေးသားဖော်ပြခဲ့ပြီးနောက်မှာ ခုလို စစ်ကြောင်းလာခဲ့တာလည်းဖြစ်ပါတယ်။

အောက်တိုဘာ ၁၉ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးချခံရလို့ ပြည်သူ ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။