မတ္တရာ၊ အောက်တိုဘာ ၂၇၊ ၂၀၂၅။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပတ်လည်အင်းရွာက ဓာတ်ဆီဆိုင်အနီးဗုံးကြဲခံရပြီး အမျိုးသား ၁ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၆ ရက် နေ့လယ် ၃ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ မိတ္ထီလာလေတပ်ဘက်က တက်လာတဲ့ ဂျက်လေယာဉ် ၂ စီးက ‘ကောင်းဆက်သာ’ ဆီဆိုင်အနီးကို ဗုံး ၆ လုံးကြဲချခဲ့တာလို့ဆိုပါတယ်။

“ဆီဆိုင်က ပိတ်ထားတာ အဲ့ဒါကိုလာကြဲတာ။ ဘာတိုက်ပွဲမှမရှိဘဲ သက်သက်ကိုဘလိုင်းကြီးလာကြဲသွားတာ။ ဘာထမင်းဆိုင်မှာလည်းမရှိဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးကြဲခံရလို့ ဆီဆိုင်မန်နေဂျာ အသက် ၃၇ နှစ်အရွယ် အမျိုးသား ၁ ဦးနေရာမှာပင်သေဆုံးခဲ့ပြီး အသက် ၂၅ နှစ်ကနေ ၅၀ ကြား အမျိုးသား ၄ ဦးနဲ့အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ဓာတ်ဆီဆိုင်အပါအဝင်အဆောက်အဦ၃ လုံး မီးလောင်ပျက်စီးပြီး ဒေသခံတွေလည်း ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။


တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်း၊ စဥ့်ကူးနဲ့ မတ္တရာမြို့နယ်က နေရာတွေကို စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်မှာလည်း သပိတ်ကျင်းမြို့နယ်၊ ရင်ခတ်ပင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၁၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စာတည်း – လင်း