ချောင်းဦးမှာ စစ်တပ်က အမျိုးသမီး ၁ ဦးကိုပစ်သတ်ပြီး ပြည်သူ ၁၀ ဦးကိုဖမ်းထား

0 31
0 31

ချောင်းဦး၊ အောက်တိုဘာ ၂၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာကို စစ်ကြောင်းဝင်နေတဲ့ စစ်ကော်မရှင်တပ်က အမျိုးသမီး ၁ ဦးကိုပစ်သတ်ပြီး ပြည်သူ ၁၀ ဦးကိုဖမ်းဆီးသွားတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၂၅ ရက်မနက် ၇ နာရီခန့်မှာ တောပု၊ မုံရွေးတိုးဂိတ်၊ မြပုလဲ၊ ချောင်းဦးမြို့တို့က ပျူစောထီးနဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေပေါင်းထားတဲ့ အင်အား ၄၀ ခန့်ဟာ ခင်မွန်ရွာထဲရှိ ရပ်သာရပ်ကွက်ထဲဝင်ပြီးဖမ်းဆီးချိန် ကြောက်လန့်ပြီးထွက်ပြေးတဲ့ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးကို ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“လိုက်ဖမ်းတော့ အခြားသူလည်းပြေးနေကြတယ်။ သူလည်း ကြောက်အားလန့်အားနဲ့ပြေးနေရင်း ပစ်သတ်ခံရတယ်လို့တော့သိရတယ်။ သူတို့က ရွာထဲဝင်ပြီး ပြည်သူကိုဖမ်းတယ်။ ချောင်းဦးမြို့ထဲ ခေါ်သွားတယ်။ ထွက်ပြေးတဲ့သူကို ပစ်သတ်တာ။ “လို့ ချောင်းဦးမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကော်မရှင်ပူးပေါင်းအဖွဲ့ဟာ ရပ်သာရပ်ကွက်ကိုဝင်ချိန် ပြည်သူ ၅၀ ထက်မနည်းကို ဖမ်းဆီးပြီး ကျေးရွာဘောလုံးကွင်းထဲမှာစုခိုင်းထားပြီးနောက် အိမ်ထောင်စုစာရင်းတွေယူခိုင်းပြီး စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီနောက် စစ်ကြောင်းဟာ ည ၇ နာရီခန့်မှာ ကျေးရွာကနေပြန်ထွက်ချိန် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးကိုသာ ချောင်းဦးမြို့ထဲကိုဆက်ဖမ်းခေါ်သွားခဲ့ပြီး ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

ခင်မွန်ကျေးရွာဟာ မြပုလဲစစ်ကော်မရှင်ဂိတ်နဲ့ ဘက်စုံပူးပေါင်းဂိတ်ကြား အိမ်ခြေ ၁,၀၀၀ ဝန်းကျင်ရှိတဲ့ကျေးရွာဖြစ်ပြီး စစ်ကြောင်းဝင်ချိန် ဒေသခံတွေတိမ်းရှောင်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက် ဒီမနက်ပိုင်းမှာတော့ အနည်းစုလောက်သာ ရွာကိုပြန်ဝင်နေကြတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၆ ရက်ကလည်း ချောင်းဦးမြို့နယ်၊ ဗုံတိုကျေးရွာမှာ ဆီမီးသပိတ်ပြုလုပ်နေချိန် စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၂၀ ကျော်သေဆုံးပြီး ၄၀ ခန့်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။