လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရလို့ သေဆုံး

0 2
0 2

စစ်ကိုင်း၊ ဧပြီ ၂၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဧပြီလ ၂၀ ရက် ဒီမနက် ၁၀ နာရီခန့်မှာ သေနတ်နဲ့ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားသူမှာ အသက် ၄၀ နှစ်အရွယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်စိုး ဆိုသူဖြစ်ပြီး မီးရထားရပ်၊ နှင်းရွှေရည် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေချိန် အမည်မသိ သေနတ်သမားတွေက ပစ်ခတ်သွားတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“သူက အဖော်တွေနဲ့ ဆိုင်ရဲ့ဝင်ပေါက်နားလောက်က ခုံမှာထိုင်ပြီး လက်ဖက်ရည်သောက်နေချိန် လာဝင်ပစ်သွားတာလို့တော့ သိရတယ်။ သူက ခု စကစအာဏာသိမ်းမှ အုပ်ချုပ်ရေးမှူးဖြစ်လာသူလို့တော့ သိရတယ်။ စကစခန့် အုပ်ကြီးဆိုတော့ စကစ ခိုင်းတာတွေတော့ လုပ်ပေးရမှာပေါ့” လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရလို့ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမှာ နှာခေါင်းနဲ့လည်ပင်းတွေမှာ သေနတ်ဒဏ်ရာတွေရ ပြီးနေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် စစ်အုပ်စုနဲ့ ရဲအဖွဲ့တွေက လာရောက်စစ်ဆေးစုံစမ်းမေးမြန်းခဲ့ပြီးနောက် အလောင်းကို စစ်ကိုင်းဆေးရုံကို ယူသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒေသတွင်းတော်လှန်ရေး အင်အားစုတွေဘက်က တစုံတရာ ထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

၂၀၂၂ စက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းမြို့၊ စီတီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် ဟာ စစ်ကိုင်း ကောင်းမှုတော်ဘုရားကြီး အရှေ့ဘက်လမ်းပေါ်မှာ ပစ်သတ်ခံရသေးတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။