ပဇီကြီးကို စစ်တပ်က မြေပြင်စစ်ကြောင်းထိုးဖို့ ပြင်နေလို့ စစ်ရှောင်တွေ ထပ်ပြီး စစ်ရှောင်နေရ

0 1
0 1

ကန့်ဘလူ၊ ဧပြီ ၁၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာအနီးကို စစ်ကောင်စီရဲ့ မြေပြင် စစ်ကြောင်းရောက်ရှိနေပြီး ပထမတခေါက် လေကြောင်းပစ်ခတ်မှုကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံပြည်သူတွေက ပိုဝေးတဲ့နေရာတွေကို ထပ်မံရွေ့ကာ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

ဧပြီလ ၁၉ ရက် ဒီကနေ့မနက် ၇ နာရီဝန်းကျင်က မလယ်ရွာဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲကာ အင်အား ၂၀၀ ကျော်နဲ့ ဝင်လာတာဖြစ်ပြီး ပဇီကြီးဖြစ်စဥ်က သေဆုံးမှုအတွက် သတင်းမှားတွေ ထုတ်ပြန်ဖို့ နယ်မြေစိုးမိုးမှု လာယူတာဖြစ်နိုင်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ နယ်ခံလူထုက ခန့်မှန်းထားကြပါတယ်။

“ပဇီကြီးရွာရဲ့ ပေတထောင်ကျော် (ကိုက် ၃၀၀ ကျော်) အကွာက တောတိုက်လေးတွေရှေ့မှာ ရောက်နေပြီ။ ပဇီကြီးကို တအားမဲနေတာဗျ။ ရွာထဲတော့ မဝင်သေးဘူး။ ကျနော်တို့အထင်ပြောရရင် သူတို့လုပ်သွားတဲ့လုပ်ရက်ကြီးကို အဖတ်ဆည်ဖို့ မဟုတ်တာတွေ သတင်းတင်ဖို့ရာ မြေပြင်ကွင်းဆင်းတာလို့ ထင်တယ်။ မလယ်ကနေ ပဇီကြီးကိုတန်းဝင်တာမဟုတ်ဘူး။ ဝိုက်ပြီးမှဝင်တာ” လို့ စစ်ရှောင်ရွာသားတဦးက ပြောပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ဧရာဝတီမြစ်အရှေ့ဖက်ကမ်းကနေ ဧပြီလ ၁၈ ရက်မနေ့ နေ့လည်ကတည်းက ရေလမ်းကြောင်းနဲ့ မြစ်အနောက်ဖက်ကမ်းမှာရှိတဲ့ မလယ်ရွာဘက်ကို ကူးလာပြီး ၉ နာရီဝန်းကျင်လောက်မှာ စစ်ကြောင်းတွေက ရွာထဲကို စတင်ရောက်လာတာလို့ ဆိုပါတယ်။

“စစ်ရှောင်တွေကတော့ ဒီတိုင်းပဲ အလွတ်ထွက်ပြေးရတယ်။ ရွာတွေနဲ့ ဝေးသထက် ဝေးတဲ့ နေရာမျိုးတွေကို ရှောင်ရတာဗျ။ စစ်ရှောင်တွေဘဝကတော့ ခုသက်ကြီးရွယ်အိုတွေရော၊ ကလေးတွေရော ရှောင်နေရတာဗျ။ ရာသီဥတုကြီးကလည်း တအားပူပြင်းနေတာကြီး၊ နွေရာသီဖြစ်နေတော့ ဘယ်အရိပ်အာဝါသမှမရှိဘူး။ သတင်းလေးထောက်ပြီးတော့ ဖြစ်သလိုပဲ လှည့်ပတ်ရှောင်နေရတာပေါ့” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

ပဇီကြီးရွာအပါအဝင် ရွာသာယာ၊ လေးတွင်းဇင်၊ မယ်ဇတော၊ မလယ်၊ ထနောင်းကိုင်းကြီး စတဲ့ကျေးရွာတွေက ဒေသခံ ၁ သောင်းကျော် စစ်ရှောင်နေရတာပါ။

ပဇီကြီးဒေသဟာ ကျောက်စရစ်ကုန်းတန်း ဒေသဖြစ်တဲ့အတွက် သစ်ပင်အရိပ်အာဝါသ ရှားပါးပြီး ရေရှားတဲ့အတွက် စစ်ရှောင်တွေအတွက် နေစရာနဲ့ သောက်ရေရှားပါးမှု ဒုက္ခတွေကြုံနေရတယ်လို့လည်း ဆိုပါတယ်။

ပဇီကြီးကျေးရွာဟာ ဧပြီလ ၁၁ ရက်က လေကြောင်းနဲ့ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး အရပ်သားပြည်သူသေဆုံးမှုအရေတွက်ဟာ လက်ရှိအချိန်ထိ ၁၇၀ ကျော်ရှိနေကာ အဆိုပါသေဆုံးမှုထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၄၄ ဦးပါဝင်ထားတယ်လို့ မြေပြင်စာရင်းကောက်ယူသူတွေကတဆင့် သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။