လူစည်ကားတဲ့ထမင်းဆိုင်အနီး ဒရုန်းနဲ့ဗုံးကြဲလို့ ကလေး ၁ ဦးအပါ ၂ ဦးသေဆုံး

0 13
0 13

သပိတ်ကျင်း၊ အောက်တိုဘာ ၂၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ စျေးတံတားထိပ်အနီးမှာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ ဖြစ်စဥ်ကိုသိရှိတဲ့ဒေသခံတဦးဆီက သိရပါတယ်။

အောက်တိုဘာ ၂၁ ရက်ညနေ ၆ နာရီခန့်မှာ စစ်ကော်မရှင်စစ်ကြောင်းကလွှတ်လိုက်တဲ့ ဒရုန်းက ‘ငွေလမင်း’ထမင်းဆိုင်အနီးကို ဗုံး ၁ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

” **ကြောင်းနဲ့နီးနေတော့ စကစဒရုန်းနဲ့လာချတာ။ ဇရပ်ကွင်းဆိုတာက နဂိုကတည်းကနာမည်ကြီး။ ရွှေတောဆိုတော့ ထမင်းဆိုင်စားသောက်ဆိုင် လူစည်ကားတဲ့နေရာပါ “လို့ ဒေသခံတဦးကပြောပါတယ်။

ဗုံးပေါက်ကွဲစထိမှန်တာကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၄၀ ဝန်းကျင် အမျိုးသမီး ၁ ဦးပွဲချင်းပြီးသေဆုံးပြီး အသက် ၃၀ ကနေ ၆၀ ကြားအမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ရရှိသွားပြီး နီးစပ်ရာဆေးခန်းမှာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း မိုးကုတ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်အဖွဲ့ဟာ ဇရပ်ကွင်းကျေးရွာအနီးထိရောက်ရှိနေတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

စက်တင်ဘာ ၉ ရက်ကလည်း သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးကြဲခဲ့ရာ စာသင်ကျောင်းပျက်စီးခဲ့ပြီး လူထိခိုက်တာ မရှိခဲ့ဘူးလို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။