အင်အားရာကျော်နဲ့စစ်ကြောင်းထိုးလို့ ဆားလင်းကြီးဒေသခံထောင်ချီထွက်ပြေးရပြီး ဖမ်းခံရသူတွေလည်းရှိနေ

0 15
0 15

ဆားလင်းကြီး၊ အောက်တိုဘာ ၁၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးတာကြောင့် ကျေးရွာပေါင်း ၂၀ ထက်မနည်းက ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး ထွက်ပြေးတိမ်းရှောင်စဉ် လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတာကြောင့် ထိခိုက်မှုတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ အင်အား ၁၅၀ ပါစစ်ကြောင်းဟာ မုံရွာ နမခကနေ ချင်းတွင်းမြစ်ကို အောက်တိုဘာ ၁၇ ရက်မှာ ကား ၄ စီးကိုတင်ဆောင်ကာ ဇက်နဲ့ဖြတ်ကူးပြီး ညောင်ပင်ကြီးကျေးရွာရဲစခန်းမှာ တညအိပ်တည်းခိုကာ အောက်တိုဘာ ၁၈ ရက်မနေ့က ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းအတိုင်း စစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးရင်းပစ်ခတ်ခဲ့တာကြောင့် စစ်ဘေးရှောင် အမျိုးသား ၁ ဦး နားရွက်ထိမှန်ဒဏ်ရာရခဲ့ကာ ဆားလင်းကြီး-ညောင်ပင်ကြီး လမ်းတလျောက် ကျေးရွာတွေက ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ယူဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“(ထိခိုက်တာ) အမျိုးသားလို့ သိရတယ်၊ ဘယ်လိုထိသလဲတော့ မသိဘူး ထိတာကသေချာတယ်၊ နားရွက်လို့ သိရပါတယ်၊ ဖုန်းတွေလည်းပါသွားတယ် ပြည်သူတချို့ဆီက၊ လုတာမဟုတ်ပါဘူး၊ အိမ်ထဲ ခိုးယူတာပါ၊ အသေးစိတ်တော့ ပြောလို့မရသေးဘူးဗျ၊ ပစ္စည်းတွေပါတာ သေချာပါတယ်။” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းပိုင်းရှိ ရွှေလှေ၊ လက်ပံတောင်း၊ တောကျောင်း၊ တုံရွာ၊ လယ်တီနဲ့ ဆည်တည်းကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၈ ရက်က စစ်ကြောင်းထိုးနေစဥ် တိုက်ပွဲဖြစ်တာမရှိဘဲ မုံရွာနမခကလာတဲ့ ပါရာမော်တာ ၂ စီးကလည်း ဖောင်းကတာကျေးရွာ အပါအဝင် နေရာတွေကို ဗုံးသီး ၁၀ လုံးခန့်ချပြီး တိုက်ခိုက်ခဲ့ကာ ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့မသိကြရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းပိုင်းက ဒေသခံအမျိုးသား ၂ ဦးလည်း လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး စစ်ကြောင်းကတော့ မနေ့ညက ဆားလင်းမြို့နယ်၊ လယ်တီရွာနဲ့ ဆည်တည်းရွာတွေမှာ ညအိပ်ခဲ့ကာ ဒီမနက်ပိုင်းထိ ဆည်တည်းရွာဟောင်းတဝိုက်မှာ ရှိနေသေးတယ်လို့ သိရပါတယ်။

စစ်ကြောင်းကြောင့် အောက်တိုဘာ ၁၉ ရက် ဒီမနက်ပိုင်းကစလို့ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်း၊ မုံရွာ-ပုသိမ်လမ်းနဲ့ ချင်းတွင်းမြစ်ကြောင်းလမ်းတွေကို အရေးပေါ်အခြေအနေမှအပ ဖြတ်သန်းသွားလာတာတွေမလုပ်ဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးတားမြစ်ထားပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။