တောင်ငူ၊ အောက်တိုဘာ ၁၉၊ ၂၀၂၅။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ထီးလှိုင်ရပ်ကွက် ၉၊ စံပယ်ခြံအနီးက ရေကန်ထဲမှာ ငါးပိုက်ထောင်သွားတဲ့ အမျိုးသား ပျောက်ဆုံးနေရာမှ ရေနစ်သေဆုံးလျက်ပြန်တွေ့တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။
သေဆုံးသူဟာ ဒိုးအင်းကျေးရွာဘက်ကနေ တောင်ငူမြို့ပေါ်မှာ စစ်ဘေးလာရှောင်နေတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားဖြစ်ပြီး သူ့အလောင်းကိုတော့ အောက်တိုဘာ ၁၈ ရက်နေ့လယ်ပိုင်းမှာ ရေနစ်သေဆုံးနေတာကို မိသားစုဝင်တွေက ပြန်တွေ့ကြတယ်လို့ ဆိုပါတယ်။
” သူကိုပြန်တွေ့တဲ့အချိန်မှာ လက်ထဲမှာလည်းငါးတွေနဲ့ လက်ကလည်း ပိုက်နဲ့ငြိနေသေးတယ်။ အရက်လည်းသောက်တတ်တယ်”လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။

အဆိုပါ အမျိုးသားဟာ အောက်တိုဘာ ၁၇ ရက်ညပိုင်းကတည်းက ငါးပိုက်ထောင်သွားမယ်ဆိုပြီး နေအိမ်ကနေထွက်ခွာသွားရာ နေအိမ်ကိုပြန်မလာဘဲ ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး အလောင်းကိုတော့ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့တွေကဆယ်ယူပြီး တောင်ငူဆေးရုံကိုပို့ဆောင်ပေးထားရတယ်လို့ သိရပါတယ်။
မေ ၅ ရက်ကလည်း တောင်ငူမြို့နယ်၊ ပွတ်စုကျေးရွာအနီး ခပေါင်းချောင်းအတွင်းမှာ ရေဆင်းကူးတဲ့ လူငယ် ၂ ဦး ရေနစ်သေဆုံးသွားသေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း