myaelatt athan

Sharing Information to the Local

အသေမခံဘဲ ပြန်အဖမ်းခံခဲ့တဲ့ တပ်မ ၈၈ က ဒုတပ်ရင်းမှူးကို စစ်ကောင်စီတပ်က ဖိအားပေးတာဝန်ပြန်ထမ်းခိုင်း

0 0
0 0

မြေလတ်အသံ၊ မတ် ၂၀၊ ၂၀၂၅ ။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်မှာ စစ်ဆင်ရေးအမိန့်မနာခံမှုနဲ့ဖမ်းဆီးခံထားရတဲ့ တပ်မ ၈၈ က ဒုတပ်ရင်းမှူး ၁ ဦးကို စစ်ကောင်စီတပ်က မူလရာထူးအတိုင်း ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ဖိအားပေးစေခိုင်းနေတယ်လို့ ပဒါန်းတပ်နယ်နဲ့နီးစပ်သူတဦးထံက သိရပါတယ်။

ဖမ်းဆီးခံထားရသူမှာ တပ်မ ၈၈ လက်အောက် ခမရ ၃၁၇ ရဲ့ ဒုတပ်ရင်းမှူးဖြစ်ပြီး မကွေးနဲ့ရခိုင်အစပ် ရိုးမပေါ်မှာဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ အမိန့်မနာခံမှုနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ကာ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးခံနေရတာပါ။

“ (AA ဘက်က အင်အားများတာကို) ရှေ့ဆက်တိုးခိုင်းတာ၊ သူ့စစ်ကြောင်းရော သူရော အသေတော့မခံဘူးဆိုပြီး ဆက်မတိုးဘဲ နောက်ပြန်လှည့်လာတာ။ သူက ဒုရင်းမှူးဆိုတော့ သူ့ကိုပဲ အမိန့်မနာခံမှုနဲ့ဖမ်းပြီး တပ်နယ်ထဲမှာ စုံခုံ(စုံစမ်းစစ်ဆေးရေးခုံရုံး)ဖွဲ့ စစ်နေတာ။” လို့ ပဒါန်းတပ်နယ်နဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံထားရသူ ဒုတပ်ရင်းမှူးမှာ DSA အပတ်စဉ် ၄၈ ဆင်း ဗိုလ်မှူး သန့်ဇင်အောင် ဖြစ်ပြီး အထက်ပါ စစ်ဆင်ရေးတွေအတွင်း အမိန့်မနာခံဘဲ ပြန်လည်ဆုတ်ခွာလာခဲ့ပေမယ့် မူလရာထူးအတိုင်း တာဝန်ပြန်ထမ်းဆောင်ဖို့ ပဒါန်းတပ်နယ်စစ်ကောင်စီတပ် ထိပ်ပိုင်းအရာရှိတွေက ဖိအားပေးနေတာလို့ ဆိုပါတယ်။

“ပြန်မဝင်ရင် အပြစ်ကြီးမယ်ပြောတာ၊ သူ(ဒုတပ်ရင်းမှူး)ကလည်း တော်တော်စိတ်နာသွားပုံရတယ်။ သတ်ချင်သတ်လိုက် ပြန်မဝင်တော့ဘူးဆိုပြီး အပြတ်ပြောလိုက်တာ။” လို့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အမ်းနပခနဲ့ အမ်း-ပဒါန်းနယ်စပ်တိုက်ပွဲတွေကို တပ်မ ၈၈ နဲ့ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခမရ ၄၁၅၊ ၄၁၆၊ ၃၁၇ ၊ ၃၀၁ ၊ ခလရ ၈၃ တပ်ရင်းတွေက အမ်း-ပဒါန်းလမ်းပိုင်းကတဆင့် အမ်းမြို့ကို စစ်ကူသွားရောက်ရာက ရခိုင်ရိုးမပေါ်မှာ အာရက္ခတပ်တော်-AA တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ခံခဲ့ရတာပါ။

အမ်းမြို့ကို စစ်ကူလာတဲ့ တပ်မ ၈၈ လက်အောက် နည်းဗျူဟာစစ်ကြောင်း ၁ ခုကို အမ်းမြို့မြောက်ဘက် ရိုးတောင်လမ်းမတနေရာမှာ ၃ ရက်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်း ၁၀၀ ကျော်ရရှိကာ စစ်သုံ့ပန်းတချို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်၊ခဲယမ်းအများအပြားရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။

ပုံစာ – ၂၀၂၂ နိုဝင်ဘာ ၂၈ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင် မကွေးမြို့၊ တပ်မ ၈၈ ဌာနချုပ်ခန်းမမှာ လက်အောက်တပ်မိသားစုဝင်များအား တွေ့ဆုံစကားပြောစဉ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။