နွားထိုးကြီးမှာ လက်နက်ကြီးထိမှန်လို့ သက်ကြီးမောင်နှမ ၂ ဦးသေဆုံး

0 5
0 5

နွားထိုးကြီး၊ အောက်တိုဘာ ၁၇၊ ၂၀၂၅။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဘုရားကြီးကျေးရွာမှာ လက်နက်ကြီးထိမှန်လို့ သက်ကြီးမောင်နှမ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူတွေက အသက် ၈၀ အရွယ် ဒေါ်သောင်းကြည်နဲ့ အသက် ၇၅ နှစ်အရွယ် ဦးလှသိန်းတို့ မောင်နှမ ၂ ဦးဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်မနက် ၁ နာရီဝန်းကျင်မှာ ပြင်စည်ကျေးရွာအထိုင်ချစစ်ကော်မရှင်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်သေဆုံးတာလို့ဆိုပါတယ်။

“ပြင်စည် **စခန်းက ပစ်တာ။ လေးလုံးပစ်တာမှာ တလုံးကမပေါက်ဘူး။ တလုံးက ကျေးရွာမြောက်ပိုင်းက အိမ်ပေါ်ကျတာ။ အိမ်မှာက ဒီ့ပြင်လူတွေရှိတယ်မထိကျဘူး။ သူတို့မောင်နှမနှစ်ယောက်ဘဲ သေတာ”လို့ ဒေသခံတဦးကပြောပါတယ်။

လက်နက်ကြီးထိမှန်တာကြောင့် မောင်နှမ ၂ ယောက်ဟာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးပြီး နေအိမ် ၄ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ကျေးရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လက်နက်ကြီးကျလို့ ပြည်သူအများစုက ကျေးရွာအနီးဝန်းကျင် တောတိုက်တွေနဲ့အခြားရွာတွေကို တိမ်းရှောင်သွားကြပြီး လူနည်းစုလောက်ကတော့ ကျေးရွာထဲမှာ ကျန်ရစ်နေခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၀ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းကျေးရွာက စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်း စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးကြဲလို့ ပြည်သူ ၂ ဦးသေပြီး ၁၁ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။