မတ္တရာ၊ အောက်တိုဘာ ၁၆၊ ၂၀၂၅။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းက တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့နယ်မြေတွေထဲက တဝက်ကျော်လောက်ကို စစ်ကော်မရှင်တပ်က ပြန်လည်သိမ်းယူပြီး စစ်ကြောင်းတွေလည်း ဆက်ထိုးနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဩဂုတ်လကစလို့ မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးပြီး နယ်မြေတွေကို ပြန်လည်သိမ်းယူနေကာ အရေးကြီးနေရာတွေထဲက နယ်မြေတစပ်တည်းရှိတဲ့ ဆည်တော်ကြီး ရေလှောင်တာတမံနဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းနေရာကိုပဲ တော်လှန်ရေးတပ်တွေက ထိန်းထားနိုင်တော့တယ်လို့ ဆိုပါတယ်။
“၁၀၀ ရာခိုင်နှုန်းမှာဆိုရင် ကိုယ့်ဘက်ကထိန်းချုပ်ထားနိုင်တာတော်တော်အားနည်းလာပြီ။၂၀ နဲ့ ၃၀ ရာခိုင်နှုန်း လောက်ပဲကျန်တော့မယ်။ တဝက်ကျော်ကျော်လောက်က သူတို့ပြန်သိမ်းသွားပြီ”လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှိ မတ္တရာမြို့နယ်အရှေ့ခြမ်းနဲ့ မြောက်ခြမ်းမှာ စစ်ကော်မရှင်စစ်ကြောင်း ၉ ကြောင်းကနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်မှာလည်း မတ္တရာမြို့နယ်၊ ရုံးပင်ရွာ ဘုန်းကြီးကျောင်းမှာတပ်စွဲကာ အနီးကျေးရွာတွေကို ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“၁၄ ရက်နေ့ကဆိုရင် ဘုန်းကြီးကျောင်းကိုတပ်စွဲပြီး ဒရုန်းတွေချတယ်။ စနိုက်ဘာတွေ ထောက်တယ်။ တနေကုန်နီးပါး ဒရုန်းတွေလွှတ်တယ်။ ဘယ်ကိုသွားချလည်းဆိုရင် ချောင်းပေါက်ရွာကိုသွားချတာ”လို့ ဒေသခံကဆိုပါတယ်။
ချောင်းပေါက်ရွာမှာ စစ်ရှောင်တွေလာရောက်နေထိုင်နေကြတဲ့အတွက် ဒီပစ်ခတ်မှုကြောင့် ထိခိုက်မှုများနိုင်ပြီး အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ရုံးပင်ရွာဟာ ယခင်တော်လှန်ရေးတပ်တွေ ရဲစခန်းဖွင့်လှစ်ခဲ့တဲ့နေရာဖြစ်ပြီး လေကြောင်းရန် ကာကွယ်ရေးတပ်နဲ့ ၂ မိုင် ဝန်းကျင်သာကွာဝေးတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှိ ကင်းရွာ၊ ရုံးပင်ရွာ၊ အုန်းတောကြာပင်၊ ဆိပ်သာရွာအနီး၊ လက်ကောင်းရွာသစ်၊ ရွေးစုနဲ့ ဗြိဿနိုးရွာမှာ စစ်ကြောင်း ၁ ကြောင်းစီနဲ့ မတ္တရာမြို့နယ်မြောက်ခြမ်းက တံငါသည်ရွာ(မန္တလေး-မတ္တရာ-မိုးကုတ်လမ်းပိုင်း)နဲ့ မတ္တရာမြို့ရဲ့ အနောက်မြောက်ခြမ်းက ဝန်စုရွာမှာ စစ်ကြောင်း ၁ ကြောင်းတို့ရှိတယ်လို့ သိရပါတယ်။
စစ်ကြောင်းတကြောင်းမှာဆိုရင် အင်အား ၁၂၀ နဲ့အထက်ရှိပြီး PDF ကနေ စစ်ကော်မရှင်ဘက်ကို ပူးပေါင်းသွားသူ၊ စစ်တပ်သတင်းပေးနဲ့ ပျူစောထီးအင်အားတွေလည်းပါဝင်ကာ နယ်မြေကျွမ်းကျင်မှုကို အသုံးချပြီး စစ်ကြောင်းထိုးလာတာလို့ နယ်မြေမှာရှိနေတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။
တဖက်မှာလည်း မတ္တရာမြို့နယ်အနောက်ခြမ်းကကျေးရွာအများစုမှာ စစ်ကော်မရှင်တပ်ကအင်အား နည်းနည်းနဲ့ အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးဆိပ်ကမ်းကနေ ခရီးသည်တင်မော်တော်တွေကို အခုအောက်တိုဘာလဆန်းပိုင်းကစလို့ ရေလမ်းသွားလာခွင့်ပြန်ဖွင့်ပေးပြီး ရေလမ်းကြောင်းကိုပါစိုးမိုးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာမြို့နယ်အနောက်ခြမ်းကကျေးရွာတွေကို စစ်ကောင်စီကအထိုင်ချတပ်စွဲလိုက်ပြီး မန္တလေးဆိပ်ကမ်းကနေ ပြန်လည်သွားလာခွင့်ပြုလိုက်တာပါ။
တဖက်မှာလည်း သပိတ်ကျင်းမြို့ကိုပြန်လည်သိမ်းယူထားပြီး မြို့ကိုဗဟိုထားကာ တောင်ဘက်က စဉ့်ကူးမြို့နယ်စပ်အထိ စစ်ကြောင်းထိုးခဲ့သလို မိုးကုတ်ဘက်ကိုလည်း ထိုးစစ်ဆင်နေခဲ့တာပါ။
ဒါ့အပြင် စစ်ကော်မရှင်တပ်က မန္တလေး-မိုးကုတ်လမ်းပိုင်းကို အပြည့်အဝပြန်ထိန်းချုပ်ဖို့ ပြင်ဆင်ထားပြီး ထိုးစစ်အားလုံးဟာ မိုးကုတ်ကိုဦးတည်ထားတာလို့ တော်လှန်ရေးတပ်တွေ က သုံးသပ်ပါတယ်။
“စကစဘက်က ကြေညာထားတာရှိတယ်။ သူတို့ မန္တလေး-မိုးကုတ်လမ်းပိုင်းကို ပြန်ယူပြီး ရအောင်ပြန်ဖွင့်မယ်ဆိုတာကို၊ အခုလည်း ဒီဘက်တွေကို ဆက်တိုက်တိုးယူနေတာပဲ”လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အောက်တိုဘာ ၁၃ ရက်က စဉ့်ကူးမြို့နယ်ကနေမြောက်ဘက် ထီးချိုင့်-ကသာလမ်းပိုင်း၊သပိတ်ကျင်း-မိုးကုတ်လမ်းတွေကိုထွက်ရာမှာအရေးကြီးတဲ့ ဖော့တောလမ်းဆုံကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပြီး အဲ့ဒီနေရာမှာ တိုက်ပွဲလည်းပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲနဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် မန္တလေးတိုင်းရဲ့မြောက်ဘက်ခြမ်းရှိ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် စစ်ရှောင်အရေအတွက်လည်း များလာပြီး နေထိုင်စရာ၊ စားသောက်စရာအခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။
သတင်း – မြတ်