ပဲခူး၊ အောက်တိုဘာ ၁၆၊ ၂၀၂၅။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို အောက်တိုဘာ ၁၅ ရက်မနက် ၁၀ နာရီကျော်မှာကြားဖြတ်တိုက်ခိုက်ပြီးနောက် လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတွေကို သိမ်းဆည်းဖမ်းမိနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ စစ်ရုံးချုပ်က အောက်တိုဘာ ၁၆ ရက်ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။


အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်အထိအခိုက်များခဲ့ပြီး ၁၅ ဦးထက်မနည်း သေဆုံးကာ စစ်သုံ့ပန်းအဖြစ် ၁၂ ဦးကို ဖမ်းဆီးရရှိခဲ့ကာ လက်နက်အစုံ ၁၉ လက်၊ ခဲယမ်းများနဲ့ စစ်သုံးပစ္စည်းများစွာကိုလည်း သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုနဲ့ အမှတ် (၃၈၀၂) တပ်ရင်း၊ အမှတ် (၃၈၀၃) တပ်ရင်း၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။