မြေလတ်အသံ၊ အောက်တိုဘာ ၁၃၊ ၂၀၂၅။
မကွေးတိုင်း၊ ဆောမြို့နဲ့ ကျောက်ထုမြို့ကနေထွက်ပြေးလာကြတဲ့ စစ်ကော်မရှင်တပ်မှ တပ်ကြပ်ကြီး ၁ ဦးနဲ့ ဒုတပ်ကြပ် ၂ ဦးတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဆောမြို့ကနေထွက်ပြေးလာတဲ့ အသက် ၄၀ ခန့်အရွယ်ရှိ တပ်ကြပ်ကြီးကို အောက်တိုဘာ ၁၂ ရက်ည ၆ နာရီကျော်မှာ ဆောမြို့နယ် ကျေးရွာတရွာအနီးမှာ ဖမ်းမိပြီး ကျောက်ထုအခြေစိုက် အမတ ၃၆၈ တပ်ရင်းကထွက်ပြေးလာတဲ့ ၃၈ နှစ်အရွယ် ဒုတပ်ကြပ် ၂ ဦးကိုတော့ အောက်တိုဘာ ၁၀ ရက်မနက် ၈ နာရီကျော်က ကျောက်ထုမြို့နယ် ကားလမ်းတနေရာမှာဖမ်းမိခဲ့ကြတာလို့ ဆိုပါတယ်။
“ဒုတပ်ကြပ် ၂ ယောက်ကိုတော့ ရွာခံတွေနဲ့ ရွာပကဖတွေက ဖမ်းမိတာ။ သူတို့ကို သက်ဆိုင်ရာတပ်ဖွဲ့တခုကို အပ်လိုက်တယ်။ တပ်ကြပ်ကြီးကိုတော့ ဆောအခြေစိုက်တပ်ဖွဲ့တဖွဲ့က ဝိုင်းဝန်းဖမ်းဆီးလိုက်တာပါ။ သူ့မှာတော့ သေနတ်မပါလာဘူး”လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒုတပ်ကြပ် ၂ ဦးဆီကတော့ MA 5 ပစ္စတို ၁ လက်၊ 9 mm ကျည် ၅ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ တပ်ကြပ်ကြီးက ဆောမြို့ပေါ်ကနေ ထွက်ပြေးလာခဲ့တာဖြစ်ပေမယ့် ဘယ်တပ်ရင်းကလဲဆိုတာကိုတော့ မသိရှိရသေးဘဲ လက်ရှိမှာ ဖမ်းမိသူ ၃ ဦးကို စစ်ဆေးမေးမြန်းမှုပြုလုပ်ကာ ထိန်းသိမ်းထားတယ်လို့ အထက်ပါတပ်ဖွဲ့ဝင်ကပြောပါတယ်။
ဒါ့အပြင် ဒုတပ်ကြပ် ၂ ဦးထွက်ပြေးခဲ့တာနဲ့ပတ်သက်ပြီး အမတ ၃၆၈ က တပ်ဖွဲ့ဝင် ၁၀၀ ကျော်ဟာ ကျောက်ထုမြို့နယ်ရှိကျေးရွာတွေဘက်ကို အောက်တိုဘာ ၁၀ ရက် နဲ့ ၁၁ ရက်တို့မှာ စစ်ကြောင်းထိုးပြီး ရှာဖွေခဲ့ပေမယ့် မတွေ့ရှိတာကြောင့် အောက်တိုဘာ ၁၂ ရက်မနက်ပိုင်းမှာ တပ်ပြန်ဆုတ်သွားခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စာတည်း – လင်း