မြင်းခြံ ခမရ ၁၅ စစ်ဆေးရေးဂိတ် အနီးကပ်ဝင်တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးဟုဆို

မြင်းခြံ၊ မတ် ၁၈၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံမြို့အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၅ တပ်ရင်းရှေ့ စစ်ဆေးရေးဂိတ်ကို အနီးကပ်ဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ Myingyan Black Tiger – MBT မြင်းခြံခရိုင်တပ်ရင်း ၉ ဆီကသိရပါတယ်။

မတ် ၁၇ ရက် နေ့လည် ၃ နာရီကျော်မှာ ခမရ ၁၅ အရှေ့ စစ်ကောင်စီတပ်သား ၂၀ ခန့်ရှိတဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မီတာ ၁၀၀ ခန့်အကွာထိ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ ညီနောင်မဟာမိတ်တွေနဲ့ ၃ ဖွဲ့ပေါင်းပြီး ပြောက်ကျားနည်းစနစ်နဲ့ သွားပြီးအနီးကပ်တိုက်ခိုက်ခဲ့တာပါ။ အဓိကတော့ ဒီကောင်တွေက ဆက်ကြေးကောက်တာတွေရှိတယ်။ ပြည်သူတွေကို ဖမ်းဆီးတာတွေလည်းရှိတယ်။ ပြီးရင်မြင်းခြံမြို့ရဲ့ မြို့စောင့်တပ်သဘောမျိုးလည်း ဖြစ်တယ်။ မြင်းခြံမြို့ရဲ့ ဝင်လမ်းထွက်လမ်း နေရာတခုလည်းဖြစ်တယ်။ သူတို့ဘက်က ၃ ဦးသေသွားတယ်။ ဒဏ်ရာရတာတွေလည်းရှိတယ်” လို့ Myingyan Black Tiger – MBT မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။

၁၅ မိနစ်ခန့်အကြာတိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့ဝင်တွေ ထိခိုက်တာမရှိသလို တိုက်ပွဲအပြီး မြင်းခြံမြို့တောင်ဘက်ရှိရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပေမယ့် ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဗိုလ်မိုက်ခဲက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Myingyan Black Tiger – MBT တပ်ဖွဲ့နဲ့အတူ မဟာမိတ်တွေဖြစ်ကြတဲ့ Anyar Federal Task Force – AFTF၊ ဝံပုလွေပြောက်ကြားအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စာတည်း – ကိုချမ်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။