မကွေးမှာ တိုးလာတဲ့တိုက်ပွဲတွင်းသေဆုံးတပ်မိသားစုတွေကိုပေးဖို့ စစ်မှုထမ်းဟောင်းအိမ်ရာအသစ် ထပ်ချဲ့

0 18
0 18

◼ အိမ်ရာတွေကို သေဆုံးမှုများနေတဲ့ တပ်မ ၈၈ လက်အောက်တပ်ဖွဲ့ဝင်တွေ အများစုရရှိကြဟုဆို

ကျော်ကြီးဟိန်းစံ

မကွေး၊ အောက်တိုဘာ ၁၂၊ ၂၀၂၅ ။

မကွေးမြို့မှာ တိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကိုပေးမယ့် စစ်မှုထမ်းဟောင်းအိမ်ရာအသစ် မြေနေရာတခု တိုးချဲ့ဖော်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဲ့ဒီမြေနေရာကို မကွေးမြို့မြသလွန်ဘုရားအကျော် အေးမြသာယာကျေးရွာအနီး မြေလွတ်ဧက ၂၀၀ ကျော်မှာ ဖော်ဆောင်နေတာဖြစ်ပြီး ဇူလိုင်လကစတင်ကာ လမ်းဖောက်တာ၊ လျှပ်စစ်မီးသွယ်တန်းတာနဲ့ ရေတွင်းတူးဖော်တာတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

” မြေကွက်တွေဖော်နေတာဟုတ်တယ်။ အဲ့မြေက ပလပ်မြေတွေ ပြည်သူမြေတော့မဟုတ်ဘူး။ အဲ့မြေပေါ်မှာ ဘာမှမရှိတာကကြာပြီ။ အရင်ကတော့ ပြည်သူကိုချပေးမယ်လို့ကြားတာ။ မြေညှိနေတာတွေတော့ ရှိတယ်။ အကွက်ဖော်တာတွေတော့ မရှိသေးဘူး”လို့ မကွေးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီမြေနေရာဟာ ယခင်ကသင်္ချိုင်းမြေဖြစ်ခဲ့ပြီး မြေကွက်တွေစတင်ဖော်ဆောင်ချိန်မှာ ပြည်သူတွေကိုနေရာချပေးမယ်လို့ သတင်းတွေထွက်ခဲ့ကာ ပရဟိတရုံး၊ ကြက်ခြေနီရုံးတွေဆောက်လုပ်ဖို့ မြေနေရာတင်ပြခဲ့တာတွေလည်းရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

စစ်ခေါင်းဆောင်တွေက စစ်မှုထမ်းဟောင်းအိမ်ရာတွေကို မြို့ကြီးအများစုမှာ ဆောက်လုပ်နေပြီး သေဆုံးစစ်ကော်မရှင်တပ်ဖွဲ့ဝင်မိသားစုတွေအများစုနေထိုင်လို့ စစ်မှုထမ်းဟောင်းအိမ်ရာတွေကို မုဆိုးမအိမ်ရာလို့ စစ်ကော်မရှင်အသိုင်းအဝိုင်းက ခေါ်ဆိုကြတာပါ။

မကွေးတိုင်းစစ်ကော်မရှင်အဖွဲ့ကတော့ အထက်ပါမြေနေရာတွေမှာ စစ်ကော်မရှင်တပ်သားတွေနဲ့မိသားစုဝင်တွေအတွက် နေရာချထားပေးမှာဖြစ်ပြီး တိုင်းဝန်ကြီးချုပ် ဦးတင့်လွင် ယမန်နေ့အောက်တိုဘာ ၁၁ ရက်မှာ မြေကွက်ဖော်နေမှုအခြေအနေတွေကို သွားရောက်ကြည့်ရှုတယ်လို့ မနေ့ကသတင်းထုတ်ပြန်ပါတယ်။

စစ်မှုထမ်းဟောင်းအိမ်ရာတွေကို မကွေးမြို့အခြေစိုက် တပ်မ ၈၈ ဌာနချုပ်နောက်ကျော အောင်ဘုံရပ်ကွက်မြေလွတ်တွေမှာ ယခင်ကတည်းကဆောက်လုပ်ပေးခဲ့ပြီး လက်ရှိထပ်မံဖော်ဆောင်တာဟာ သေဆုံးစစ်ကော်မရှင်တပ်သားတွေ ထပ်မံများပြားလာတာကြောင့်လို့ မကွေးတပ်နယ်သတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီမြေကွက်တွေဟာ တိုက်ပွဲမှာသေဆုံးတဲ့ စစ်ကော်မရှင်တပ်သားတွေရဲ့မိသားစုတွေကို ပေးတာဖြစ်ပြီး အများစုမှာ တပ်မ ၈၈ လက်အောက် သေဆုံးစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ရရှိကြတယ်လို့ ဆိုပါတယ်။

” ခုက ၈၈ ကထပ်ကျတာတွေ များတယ်။ တိုက်ပွဲမှာ ကျဆုံးတဲ့သူတွေရဲ့မိသားစုတွေနဲ့ EA (တိုက်ပွဲကြောင့် ခြေပြတ်၊လက်ပြတ်၊ဆေးအဆင့်နိမ့်စစ်သား)တွေ လျှောက်လို့ရတယ်။ မြေကွက်ရော၊ အိမ်ရောပေးတာ။ တချို့လည်း ရောင်းစားကြတယ်” လို့ သူကပြောပါတယ်။

စစ်ကော်မရှင်တပ်က စစ်မှုထမ်းဟောင်းတွေနဲ့မိသားစုတွေကို အရံအင်အားတွေအဖြစ်သိမ်းသွင်းကာ နယ်မြေခံပြည်သူ့စစ်တွေ အဖြစ်ဖွဲ့စည်းနေတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။