စစ်ကိုင်း၊ ဧပြီ ၁၀၊ ၂၀၂၃။
စစ်ကိုင်းမြို့နယ်နဲ့ မတ္တရာမြို့နယ်ကြားရှိ PDF ပူးပေါင်းစခန်းကို စစ်ကောင်စီ တပ်သားတွေက ဧပြီလ ၈ ရက်မနက် ၁၀ နာရီလောက်မှာ လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် မြေပြင်ကနေပါ စစ်ကြောင်းထိုးပြီး စခန်းထဲရှိပစ္စည်းတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ပြင်ဦးလွင်ခရိုင် ပ.က.ဖ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ MDY-မြို့ပြပြောက်ကျား UG တပ်ဖွဲ့တို့ရဲ့ ပူးပေါင်းစခန်းကို စီးနင်းတိုက်ခိုက်ခံရတာလို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ တာဝန်ခံကိုသားငယ်က ပြောပါတယ်။

“ကျနော်တို့တည်နေရာကို စကစတွေက အတိအကျသိပြီးတော့ လေယာဥ် ၂ စီးနဲ့လာပစ်တာ။ မြေပြင်ကလည်း ဝင်စီးတယ်။ အဲ့အချိန်မှာ ကျနော်တို့က စခန်းမှာရှိတဲ့ လက်နက်၊ခဲယမ်းတွေကို ဘာတခုမှမယူခဲ့ရဘဲ ဆုတ်ခွာခဲ့ရတယ်။ စကစတွေက ကျန်ခဲ့တဲ့လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးသွားတယ်” လို့ ဆိုပါတယ်။
အဆိုပါစခန်းကို စစ်ကောင်စီဘက်က မန္တလေးတိုင်း၊ တံတားဦး လေတပ်စခန်းကနေ Mi-35 ၂ စီးနဲ့ အရင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ မြေပြင်စစ်ကြောင်းတခုက ဝင်ရောက်မီးရှို့ခဲ့တာပါ။
ဒီမီးရှို့ဖျက်ဆီးမှုကြောင့် သိန်း ၅၀၀ ခန့်တန်ဖိုးရှိ လက်နက်နဲ့ဆက်စပ်စ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ ကိုသားငယ်က ဆက်ပြောပါတယ်။

“မိုင်းပစ္စည်းတွေ၊ ကျည်ထုတ်လုပ်တဲ့ပစ္စည်းတွေ၊ လက်လုပ်သေနတ်တွေ၊ ယူနီဖောင်းတွေ၊ လက်ပစ်ဗုံးတွေ၊ စားနပ်ရိက္ခာတွေ၊ ဆိုင်ကယ်တွေ ဆုံးရှုံးခဲ့တယ်ဗျ။ ဘာတခုမှ ယူချိန်မရခဲ့လိုက်ဘူး။ ကျနော်တို့ပူးပေါင်း ၃ ဖွဲ့ဆိုတော့ ဆုံးရှုံးခဲ့ရတဲ့ ပစ္စည်းတွေရဲ့တန်ဖိုးက သိန်း ၅၀၀ လောက်ရှိပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် PDF ရဲဘော် ၁၀ ဦး မစိုရိမ်ရဒဏ်ရာ ရရှိခဲ့ပြီး၊ လက်ရှိမှာ တပ်ဖွဲ့ဝင်တွေအနေနဲ့ လုံခြုံစိတ်ချရတဲ့နေရာကို ရောက်ရှိနေပြီလို့လည်း သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်မှာလည်း မတ္တရာမြို့နယ်ထဲက အထက်ပါ PDF ပူးပေါင်းတပ်ဖွဲ့ ၃ ဖွဲ့ရဲ့ ပထမဆုံးတည်နေရာစခန်းကို စစ်ကောင်စီတပ်သားတွေက စီးနင်းဖျက်ဆီးခဲ့ရာ PDF ရဲဘော် ၂ ဦးသေဆုံးပြီး၊ လက်နက်ပစ္စည်းတွေလည်း ဆုံးရှုံးခဲ့ပါသေးတယ်။
ခုလို စခန်းတည်နေရာအတိအကျကို တိုက်ခိုက်ခံနေရာတာနဲ့ပက်သက်ပြီး တပ်ဖွဲ့တာဝန်ရှိသူတွေအနေနဲ့လည်း သူတို့ကိုယ်တိုင် အကြောင်းရင်းတစုံတရာ မသိရှိသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဧပြီလအတွင်း စစ်ကိုင်းမြို့နယ်နဲ့ မတ္တရာမြို့နယ်ကြားက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ကြောင်းထိုးတာတွေရှိနေပြီး၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလျှက်ရှိနေပါတယ်။
စာတည်း – လင်း