သံတိုသံစထုပ်ထဲပါလာတဲ့ပစ္စည်းကို ထုခွဲမိရာက ပေါက်ကွဲမှုဖြစ်ပြီး သမီးဖြစ်သူ သေဆုံး

0 30
0 30

ပြည်ကြီးတံခွန်၊ အောက်တိုဘာ ၁၂၊ ၂၀၂၅ ။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၃ × ၁၂၄လမ်းကြားရှိ နေအိမ်တခုမှာ ပေါက်ကွဲမှုဖြစ်ပြီး အသက် ၁၃ နှစ်မိန်းကလေး ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်မှာကူညီဆောင်ရွက်ပေးခဲ့သူတွေထံက သိရပါတယ်။

အောက်တိုဘာ ၁၁ ရက် ယမန်နေ့ ညနေ ၃ နာရီကျော်မှာ ပန်းရံလုပ်ငန်းလုပ်သူ ကိုဝင်းနိုင်ဦးဟာ နေအိမ်အတွင်းမှာ ဝယ်ယူလာတဲ့သံတိုသံစထုပ်အတွင်းရှိပစ္စည်းတခုကို ထုခွဲမိရာက ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

” သူတို့က သံတိုသံစဝယ်လာတာ။ အဲ့ထဲက ပါလာတဲ့ဟာတခုကို ထုလိုက်တာ။ ဘိုးတော်(အဖေ)က မသိဘဲထုလိုက်တော့ ရှူးဆိုပြီးမြည်လာတဲ့အချိန်မှာ အဲဒါကိုယူပြီး လွှင့်ပစ်လိုက်ချိန် လေထဲမှာတင်ကွဲပြီး ဆုံးတာ၊ထိတာဖြစ်ကုန်တာ” လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ပေါက်ကွဲမှုကြောင့်အသက် ၃၈ နှစ် ကိုဝင်းနိုင်ဦး၊ ဇနီးဖြစ်သူ ၃၆ နှစ် မနုနုဝေနဲ့ သမီးဖြစ်သူ အသက် ၁၃ နှစ် မဆောင်းနှင်းဝေတို့မှာ ထိခိုက်ဒဏ်ရာရခဲ့လို့ မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် သမီးဖြစ်သူ မဆောင်းနှင်းဝေမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံမှတ်တမ်းတွေအရ ပေါက်ကွဲခဲ့တဲ့ပစ္စည်းအတွင်းကနေ သံဘောစိအများအပြားပေါက်ကွဲထွက်လာတာကြောင့် မပေါက်ကွဲသေးတဲ့ ဗုံး သို့မဟုတ် လက်နက်ကြီးဗုံးသီးလို့ ယူဆရတဲ့ပစ္စည်းဖြစ်နိုင်တယ်လို့ CDM တပ်မတော်သားတဦးက ခန့်မှန်းပါတယ်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကော်မရှင်တပ်နဲ့ရဲအဖွဲ့တွေရောက်ရှိလာပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာကလေးများရံပုံငွေအဖွဲ့ UNICEF ရဲ့ဇွန်လက ထုတ်ပြန်တဲ့အစီရင်ခံစာအရ ၂၀၂၅ ဇန်နဝါရီမှဇွန်လအထိ ၆ လတာအတွင်း မြန်မာနိုင်ငံတဝှမ်း မြေမြှုပ်မိုင်းနဲ့မပေါက်ကွဲသေးတဲ့စစ်ကျန်ပစ္စည်းတွေကြောင့် ထိခိုက်မှု ၃၅၇ ခုရှိခဲ့ပြီး အဲ့ဒီထဲမှာ ကလေးသူငယ်က ၂၇ ရာခိုင်နှုန်းပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

စာတည်း – ဟိန်းစံ

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။