စလင်း၊ အောက်တိုဘာ ၁၁၊ ၂၀၂၅။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နဲ့ စလင်းမြို့နယ်၊ ငွေသောင်ကျေးရွာနဲ့ ချောက်ပင်ရွာက အမျိုးသား ၁၁ ဦး ပေါ်တာဆွဲဖမ်းဆီးခံရပြီး အဲ့ဒီထဲက ၃ ဦးကတော့ ငွေပေးပြီးပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၇ ရက်မှာ ငွေတောင်ကျေးရွာအတွင်းသွားလာနေတဲ့ အသက် ၂၀ ကျော် အရွယ်အမျိုးသား ၇ ဦး၊ အောက်တိုဘာ ၈ ရက်က စလင်းမြို့ပေါ်ကိုလာတဲ့ ချောက်ပင်ကျေးရွာက အမျိုးသား ၁ ဦးနဲ့ အောက်တိုဘာ ၁၀ ရက်မှာ ငွေတောင်ကျေးရွာက ၂၃ နှစ်အရွယ် မောင်လှိုင်မျိုးသန်းတို့ကို စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
“စလင်းမြို့နယ် ငွေသောင်ကျေးရွာကနေ လူငယ် ၇ ဦးကို ပျူစောထီးအဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားတာရှိတယ်၊ အဲ့ဒီလူငယ် ၇ ဦးထဲက ၃ ဦးကတော့ ငွေပေးလို့ လွတ်မြောက်လာတယ်၊ ၃ ဦးကတော့ သိန်း ၅၀ ကနေ သိန်း ၈၀ အထိ ပေးပြီးရွေးရတယ်” လို့ ပြည်သူ့ညီနောင် – စလင်းအဖွဲ့ တာဝန်ခံ ကိုပြည်သူ က ပြောပါတယ်။
အဲ့ဒီနောက် အောက်တိုဘာ ၇ ရက်မှာ ဖမ်းဆီးခံရသူတွေထဲက ၃ ဦးကတော့ အောက်တိုဘာ ၈ ရက်မှာ စလင်းမြို့ ရဲစခန်းကိုငွေပေးပြန်လွတ်ခဲ့ကာ ကျန် ၆ ဦးကတော့ စလင်းမြို့မရဲစခန်းမှာ ဒီကနေ့ထိ ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၁ ရက်မှာလည်း ပွင့်ဖြူမြို့နယ်၊ ကပြည့်လမ်းကွဲမှာ မကွေး-စလင်း-ဆင်ဖြူကျွန်း ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားပေါ်ကနေ အသက် ၃၀ အရွယ် အမျိုးသား ၂ ဦးကို စစ်ကော်မရှင်တပ်တွေက ဖမ်းဆီးခဲ့တယ်လို့ နောက်ထပ်ဒေသခံတဦးဆီက သိရပါတယ်။
“အဲ့ဒီကပြည့်လမ်းခွဲမှာတင် လူငယ်တွေ အတော်များများ ပေါ်တာဆွဲဖမ်းဆီးခံရနိုင်တယ်ဗျ။ ကျနော်က အရှေ့ကားပေါ်မှာဆိုတော့ နောက်ကားတွေလည်း ဖမ်းဆီးစစ်ဆေးနေတာတွေ့တယ်ဗျ။ နန်းထိုက်တော်ဝင်ကားနောက်မှာ မိုးသောက်ရောင်နီကားလည်းပါတယ်၊ အဲ့နောက်မှာလည်း ကားတွေရှိသေးတယ်ဗျ။ စစ်**တွေက ၁၅ ယောက်လောက်ရှိတယ်ဗျ။ ယူနီဖောင်းတွေ လက်နက်တွေနဲ့ ကားပေါ်ကလူတွေ အတင်းဆင်းခိုင်းပြီးဆွဲတာဗျ။” လို့ ဒေသခံတဦးကပြောပါတယ်။
အဆိုပါ ဖမ်းဆီးခံရသူတွေနဲ့ပက်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
မကွေးတိုင်းအတွင်း စလင်း၊ ပွင့်ဖြူ၊ ချောက်စတဲ့မြို့နယ်တို့မှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေက မြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာတွေဘက်မှာပါ ပေါ်တာဆွဲဖမ်းဆီးမှုတွေ မကြာခဏပြုလုပ်လျှက် ရှိနေတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်ကလည်း လယ်ကွင်းထဲ နွားစာရိတ်နေတဲ့ ဖေါင်းလင်းကျေးရွာက လူငယ် ၁ ဦးကိုဖမ်းဆီးခံခဲ့ရပြီး ဒီကနေ့အထိပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။
စာတည်း – လင်း