ချမ်းမြသာစည်မြို့နယ် မီးလောင်မှု နေအိမ် ၁၂ လုံးဆုံးရှုံးပြီး မီးဘေးသင့်ပြည်သူ ၄၀ ခန့်ရှိ

0 3
0 3

မန္တလေး၊ ဧပြီ ၁၀၊ ၂၀၂၃။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက် မီးလောင်မှုမှာနေအိမ် ၁၂ လုံး ဆုံးရှုံးပြီး မီးဘေးသင့်ပြည်သူ ၄၀ ခန့်ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ယနေ့ ဧပြီလ ၁၀ ရက်နေ့ မနက် ၅ နာရီခွဲခန့်မှာ အောင်ပင်လယ်ရပ်ကွက် ၅၁ လမ်းနဲ့ ၅၂ လမ်းကြား၊ ၁၀၅ လမ်းနဲ့ ၁၀၆ လမ်းကြားနေ ယခင်က ပဲပြုတ်ရောင်းတဲ့နေအိမ်ကနေ ဝါယာရှော့ဖြစ်ပြီး မီးလောင်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သိရသလောက်က မီးစလောင်တဲ့အိမ်က ပဲပြုတ်ရောင်းတယ်လို့ သိရတယ်။ ခုနောက်ပိုင်းကတော့ မရောင်းတော့ဘူး။ အိမ်တွေက ကပ်နေတာကြောင့် ပျက်စီးဆုံးရှုံးမှု များသွားတာနေမယ်။ အဲလမ်းမှာက ထရံကာ နေအိမ်တွေနဲ့ တိုက်တွေက ရောနေတာ” လို့ သူကဆက်ပြောပါတယ်။

မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူ ၄၀ ခန့်ကို နီးစပ်ရာဘုန်းကြီးကျောင်းမှာ ထားရှိပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မီးလောင်မှုမှာ တိုက် ၅ လုံးအပါအဝင် သွပ်မိုးထရံကာနေအိမ် စုစုပေါင်း ၁၂ လုံးမီးလောင်သွားပြီး ကာလတန်ဖိုး ကျပ်သိန်း ၂၀၀၀ ကျော်ဖိုးခန့် ဆုံးရှုံးနိုင်တယ်လို့ မြို့ခံတွေက ခန့်မှန်းပါတယ်။

မီးလောင်မှုကို စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီဌာနမှ Level-1 အဆင့်သတ်မှတ်ပြီး မီးသတ်ဌာနမှ အုပ်ချုပ်မှု ယာဉ် (၃) စီး၊ မီးငြိမ်းသတ်ယာဉ် (၁၀) စီး၊ ရေသယ်ယာဉ် (၅) စီး၊ မီးသတ်တပ်ဖွဲ့ဝင် (၇၀) ဦး၊ ရပ်ကွက်ပြည်သူများနဲ့ ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

မတ်လ ၂၇ ရက်နေ့ကလည်း အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက် (၄၀)၊ ၇၆ လမ်းနဲ့ ၇၈လမ်းဒေါင့်မှာ ဖုန်းအားသွင်းထားရာက နေအိမ် ၇ လုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။