ကနီ၊ အောက်တိုဘာ ၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ထဲကနေ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ သေဆုံးမှုရှိပြီး လက်နက်တွေလည်းသိမ်းဆည်းခဲ့တယ်လို့ KLG PDF-ကျောက်လုံးကြီး အဖွဲ့ဆီက သိရပါတယ်။
အောက်တိုဘာ ၈ ရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်မှာ ကနီမြို့ထဲကနေ ကင်းလှည့်ထွက်လာတဲ့ အင်အား ၂၀ ပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေကို ကနီမြို့တွင်းတနေရာမှာ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မြို့တွင်းမှာပဲ တိုက်ခိုက်ခဲ့တာ၊ ရဲ**၊ စစ်** ၇ ကောင်သေဆုံးပြီးတော့ ကျနော်တို့ Gun ၂ လက်ရရှိခဲ့တယ်၊ မြို့ထဲကနေ တပ်ကူတွေရောက်လာလို့ Gun ၂ လက်ပဲကောက်ပြီးတော့ နောက်ပြန်ဆုတ်ခဲ့ရပါတယ်”လို့ KLG PDF-ကျောက်လုံးကြီးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ အေတီက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် 9+အဖွဲ့ဝင်၊ ဗျူဟာ ၄၅ KLG PDF-ကျောက်လုံးကြီး လှုပ်ရှားတပ်စိတ် ၁ စိတ်က စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ပြီးနောက် စစ်ကော်မရှင်ဘက်က ၆၀ မမ တွေနဲ့ ပစ်ခတ်ပြီး ရှာဖွေမှုတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်ကလည်း ကနီမြို့နယ်၊ ချောင်းမကျေးရွာအတွင်း အထိုင်ချတပ်စွဲနေတဲ့ ခမရ ၁၆ က ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ အင်အားရာကျော်ပါစစ်ကြောင်းကို KLG PDF-ကျောက်လုံးကြီး နဲ့ မဟာမိတ်အဖွဲ့တွေတိုက်ခိုက်ရာ စစ်ကော်မရှင်ဘက်က ၇ ဦးသေဆုံးပြီး တပ်ကြပ်ကြီး ၂ ဦးအပါအဝင် သုံ့ပန်း ၄ ဦး အရှင်ဖမ်းမိခဲ့ပါသေးတယ်။
စာတည်း – လင်း