နတ်မောက်၊ ဧပြီ ၆၊ ၂၀၂၃။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စျေးသာရွာအနီးမှာ ဧပြီလ ၅ ရက် မနေ့ညနေ ၅ နာရီခန့်က သံဃာတော် ၁၃ ပါးနဲ့ အမျိုးသား ၃ ဦး လိုက်ပါလာတဲ့လိုက်ထရပ်ကား ယာဉ်တိုက်မှုဖြစ်လို့ သံဃာ ၁ ပါးပျံလွန်တော်မူပြီး ၅ ပါး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
နတ်မောက်ကနေ ညောင်ကန်ရွာဘက်ကို နတ်မောက်-ပျော်ဘွယ်လမ်းအတိုင်းမောင်းနှင်လာစဉ် ပန်းတင်ရိုး ရေကျော် သဲချောင်းအနီးမှာ ကားဘီးပေါက်ပြီး လမ်းညွှန်ဆိုင်းဘုတ်ကို ဝင်တိုက်မိခဲ့တာလို့ ဒေသခံလူမှုကူညီရေးအသင်းဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

“သူတို့သွားမယ့်ကျောင်းက ညောင်ကန်နားက ရွာပဲ။ ဘီးပေါက်ပြီး “ရေကျော်ရှေ့” ဆိုတဲ့ ဆိုင်းဘုတ်ကိုဝင်တိုက်ပြီး ကားက လည်ထွက်သွားတာ။ အဲဒီမှာ သံဃာ ၁ ပါးက ဘာနဲ့ထိုးမိတာလဲမသိဘူး၊ ပျံလွန်တော်မူသွားတယ်” လို့ ပြောပါတယ်။
ကားပေါ်လိုက်ပါလာတဲ့ သံဃာတော်တွေဟာ စာသင်သားသံဃာတော်တွေဖြစ်ပြီး ရန်ကုန်မှာပြုလုပ်တဲ့စာမေးပွဲတခုကို ဖြေဆိုပြီးတဲ့နောက် နတ်မောက်ကိုပြန်လာစဉ်မှာ အခုလိုယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ယာဥ်တိုက်မှုကြောင့် ပျံလွန်တော်မူသွားတဲ့ သံဃာတော်ရဲ့ ရုပ်ကလာပ်ကို ဇာတိရွာကိုပို့ဆောင်ဖို့စီစဉ်နေပြီး ဒဏ်ရာရသံဃာ ၅ ပါးကိုတော့ နတ်မောက်ဆေးရုံကို ပို့ဆောင်ကုသပေးနေပြီး သာမန်ပွန်းပဲ့ ဒဏ်ရာလောက်သာ ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စာတည်း – ရင်ငြိမ်း