မြင်းခြံ၊ အောက်တိုဘာ ၃၊ ၂၀၂၅။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာကို ပျူစောထီး သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးနဲ့ စစ်ကော်မရှင်တပ်ပူးပေါင်းအဖွဲ့က ၃ ရက်ဆက်မီးရှို့ခဲ့တယ်လို့ မြင်းခြံပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၈ ရက်ကစပြီး မြင်းခြံဘက်ကနေ အင်အား ၂၀၀ ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့ အဲ့ဒီစစ်ကြောင်းဟာ စက်တက်ဘာ ၂၉ ရက်ကနေ အောက်ဆိုဘာ ၁ ရက်အထိ ညောင်ပင်ရွာကို ၄ ကြိမ်နီးပါး မီးရှို့ထားတယ်လို့ဆိုပါတယ်။
“ညောင်ပင်ရွာကိုဘဲ သုံးလေးကြိမ်လောက်ရှိနေပြီး မီးရှို့နေတာ။ ဝင်လိုက်ထွက်လိုက် ပြန်ရှို့လိုက်လုပ် နေတာ။ အိမ်ခြေကတော့ သေချာအတိအကျမရသေးဘူး။ လက်ရှိထိတော့ ကျနော်တို့ သိထားတာက ညောင်ပင်တရွာဘဲရှိသေးတယ်။ သီတာယုမွန်တို့ ပြည်သူ့စစ်တွေပါတယ်”လို့ မြင်းခြံမြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
ခုလိုမီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိ ညောင်ပင်ရွာက နေအိမ် ၄၀ ကျော်မီးလောင် ပျက်စီးနိုင်ပြီး အောက်တိုဘာ ၂ ရက် ဒီကနေ့အထိ စစ်ကြောင်းကရွာကနေပြန်မထွက်သေးတာကြောင့် ပျက်စီးမှုအတိအကျတော့ မသိရသေးဘူးလို့ဆိုပါတယ်။
စစ်ကြောင်းဝင်လာလို့ ညောင်ပင်၊ သဲရွာ၊ ခင်မတဲ၊ မြောက်ကွန်း၊ ရွာကြီး၊ ရွာသစ်အပါအဝင် ကျေးရွာ ၇ ရွာလောက်က ဒေသခံ ၅,၀၀၀ ကျော်ဟာ စက်တင်ဘာ ၂၈ ရက်လောက်ကစပြီး စစ်ရှောင်နေရကာ အောက်တိုဘာ ၃ ရက်နေ့အထိ နေရပ်မပြန်ကြရသေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီဒေသအတွင်း စစ်ရေးအခြေအနေတင်းမာကာ တော်လှန်ရေးတပ်တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၈ ရက်ကလည်း မြင်းခြံမြို့နယ်၊ ကျောက်တိုင်ကျေးရွာမှာ စစ်ကော်မရှင်ဘက်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲလို့ သံဃာ ၁ ပါးပျံလွန်ပြီး အမျိုးသမီးကြီး ၁ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း