ဝက်လက်မှာ စစ်ကြောင်းကပစ်ခတ်လို့ မသန်စွမ်းအမျိုးသား ၁ ဦးအပါ ၂ ဦးသေဆုံး

0 14
0 14

ဝက်လက်၊ အောက်တိုဘာ ၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ တမာကန်ရွာကိုလာတဲ့ စစ်ကော်မရှင်တပ်ကပစ်ခတ်လို့ မသန်စွမ်း အမျိုးသား ၁ ဦးနဲ့ အဖွား ၁ ဦးသေဆုံးခဲ့တယ်လို့ Wetlet Informational Network တာဝန်ရှိသူဆီက သိရပါတယ်။

အောက်တိုဘာ ၂ ရက် ဒီမနက်ပိုင်းမှာ အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းက တမာကန်ရွာကို ပစ်ခတ်ဝင်ရောက်လာချိန် အသက် ၈၀ အဖွား ၁ ဦးနဲ့ ၂၇ နှစ်အရွယ် မသန်စွမ်းအမျိုးသား ၁ ဦး သေဆုံးပြီး အသက် ၅၀ အရွယ်အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“သေဆုံးတာကတော့ **ကြောင်းဝင်လာမှ မတိမ်းနိုင်မရှောင်နိုင်တဲ့လူတွေမိတာလို့သိရတယ်ဗျ။ မွေးကတည်းက မသန်စွမ်းတဲ့ လူ ၁ ယောက်ရယ် အသက် ၈၀ ကျော် အဖွားရယ် ၂ ဦးက လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်လို့ သေတယ်လို့သိရတယ်” လို့ Wetlet Informational Network ကတာဝန်ရှိသူက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ စက်တင်ဘာလလယ်လောက်မှာ မန္တလေးဂေါဝန်ဆိပ်ကနေတက်လာပြီး တပ်အောက်ရွာနဲ့ အထက်ရွာတွေမှာတပ်စွဲနေရာကနေ ဒီကနေ့မှာ တမာကန်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး လက်ရှိမှာ စစ်ကြောင်းကရွာထဲမှာပဲရှိနေသေးတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရသူဦးရေများနိုင်ပြီး ရွာထဲမှာဖမ်းခံထားရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲ့ဒေသတွေမှာ မေလကုန်ပိုင်းလောက်ကစလို့ မကြာခဏစစ်ကြောင်းထိုးဝင်ရောက်တာတွေ ရှိနေပြီး တမာကန်ရွာအပါအဝင် တပ်(အောက်)ရွာ၊ တပ်(အထက်)ရွာ၊ ငါးရယ်၊ မင်းကုန်းလေး စတဲ့ ရွာတွေက ပြည်သူ ၅,၀၀၀ ကျော် စစ်ရှောင်နေကြရတယ်လို့သိရပါတယ်။

“ပြည်သူတွေက ဒီစစ်ကြောင်းမဝင်ခင်ထဲကိုက ရွာထဲမှာမအိပ်ကြဘူး။ အဝင်အထွက်လေး နေ့လယ် နေ့ခင်းမှသာ ထမင်းဝင်ချက်လိုက် နွားလေးဝင်ကျွေးလိုက် အဲ့လိုမျိုးနေနေကြတာဆိုတော့ ဗြုန်းဒိုင်းကြီးဝင်လာတော့ တချို့လဲထွက်နိုင်တယ်၊ တချို့လည်းမထွက်နိုင်ဘူး ရွာထဲမှာမနေတာက ဒီရက်ပိုင်းပဲ ရှိသေးတာ”လို့ Wetlet Informational Network ကတာဝန်ရှိသူက ပြောပါတယ်။

စက်တင်ဘာ ၉ ရက် နေ့လယ် ၃ နာရီကျော်ကလည်း ဝက်လက်မြို့နယ်က ကျေးရွာ ၆ ရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။