ပန်းတောင်း၊မတ် ၁၇၊၂၀၂၅။
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ရခိုင်ရိုးမပေါ်ရှိ ညောင်ကျိုးကျေးရွာကို စစ်ကောင်စီတပ်က မတ် ၁၇ ရက် ဒီနေ့မနက်ပိုင်းမှာ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညောင်ကျိုးကျေးရွာကို တိုက်ခိုက်ရေးလေယာဉ် ၁ စီး၊ စက်တပ်လေထီး ၁ စီးတို့နဲ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၂၇ မိုင်စခန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ လုပ်တယ်လို့ ဆိုပါတယ်။
“လေယာဥ်စစ်ကူတအားပေးနေတယ်။ ကြဲချလိုက် ပျံသွားလိုက်ပဲ။ မနက်ပိုင်းကနေ မွန်းလွဲပိုင်းအချိန်ထိ ဗုံးကြဲခဲ့တာ”လို့ ပန်းတောင်းဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
ညောင်ကျိုးကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ ပင်မစခန်းကုန်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကာကင်းစခန်းအများအပြားကို သိမ်းပိုက်ရရှိထားတယ်လို့ မတ် ၁၆ ရက်က AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မီဒီယာတချို့ကို ဆိုထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ညောင်ကျိုးကျေးရွာ ပင်မစခန်းကုန်းမှာ ရခိုင်ရိုးမပေါ် ပန်းတောင်း -တောင်ကုတ်ကားလမ်းမပေါ်မှာတည်ရှိပြီး ညောင်ခြေထောက်ကျေးရွာအခြေစိုက် ကပစ ၆ နဲ့ ၁၀ မိုင်ခန့်ကွာဝေးကာ လက်ရှိအချိန်မှာ အာရက္ခတပ်တော် AA က ရေနဲ့ရိက္ခာတွေကို ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
“ညောင်ကျိုးစခန်းရဲ့ ရေ၊ စားနပ်ရိက္ခာတွေကို AAက ဖြတ်တောက်ထားပြီးတော့ ပိတ်ဆို့ထားတာ။ အလုံးစုံ မရရှိသေး။ ပိတ်ထားခဲ့ပြီးတော့ AAပူးပေါင်းအဖွဲ့က ရှေ့တိုးလာပုံရတယ်”လို့ ပန်းတောင်းဒေသခံတဦးက ပြောပါတယ်။
ပဲခူးတိုင်း နဲ့ ရခိုင်ပြည်နယ်အစပ်၊ ပန်းတောင်း – တောင်ကုတ်ကားလမ်းမရှိ ရခိုင်ရိုးမပေါ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ မိုးထိတောင်၊ ပန်းကန်ကွဲ၊ တောင်ပုံကြီး၊ နတ်တောင်ကုန်းတို့ကို အာရက္ခတပ်တော် (AA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
ပုံစာ – ရခိုင်ရိုးမပေါ်က ညောင်ကျိုးကျေးရွာအားတွေ့ရစဉ်။ (ဓါတ်ပုံ-ဝေလင်း)
စာတည်း – ကိုချမ်း