မြေလတ်အသံ၊ အောက်တိုဘာ ၁၊ ၂၀၂၅။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာကြောင့် ၂ ဦး သေဆုံးခဲ့ပြီး သေနတ် ၂ လက် နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၂ ဆီကသိရပါတယ်။
အောက်တိုဘာ ၁ ရက်မနက် ၉ နာရီကျော်မှာ ကမ်းပြိုကြီးကျေးရွာကနေ စစ်မှုထမ်းကြေးကောက်ပြီး ခြေလျင်ထွက်ခွာလာတဲ့ အင်အား ၂၀ ပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေကို သဲကောဆည်လမ်းဆုံအရောက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“တပ်ရင်းကတော့အတိကျ မသိသေးဘူးဗျ။ ခြေလျင်လာကြတာပါ။ ကျနော်တို့ဘက်က ၄၀ မမနဲ့ပစ်တော့ သူတို့တွေက နေရာဖြန့်ပြီးပြေးသွားကြတာပဲဗျ။ သေဆုံးအလောင်တွေကိုတော့ ဒီတိုင်းပဲထားခဲ့တာပါ”လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ၂မှတာဝန်ရှိသူကပြောပါတယ်။
သေဆုံးစစ်ကော်မရှင်တပ်သား ၂ ဦးရဲ့ ရုပ်အလောင်းမှာ စစ်ယူနီဖောင်းတွေမဝတ်ပဲ အရပ်ဝတ် ဝတ်ဆင်ထားတာကြောင့် ၎င်းတို့အနေနဲ့ ဘယ်တပ်ရင်းကလည်းဆိုတာ မသိရှိရသလို တိုက်ခိုက်ခံရပြီးနောက် မှော်အင်းကျေးရွာဘက်ကို ထွက်ပြေးသွားကြတယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။
သိမ်းဆည်းရရှိတဲ့ပစ္စည်းတွေကတော့ G 3 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကာဘိုင်ကျည် ၄၂ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဓား ၁ ချောင်း၊ ဘတ်တံဆိပ် ၂ ခု၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၅၂၈,၀၀၀ ကျပ်နဲ့ မှတ်ပုံတင်ကတ် ၁ ခု တို့ဖြစ်ပါတယ်။
အဲ့ဒီစစ်ကော်မရှင်တပ်တွေဘက်က အင်အားဖြည့်တင်းပြီး အချိန်မရွေးစစ်ကြောင်းထိုးလာနိုင်တာ ကြောင့် ပြည်သူတွေအနေနဲ့ ၄င်းတို့အနီးသွားလာနေထိုင်တာတွေ မပြုလုပ်ကြဖို့ကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲက အသိပေးထားပါတယ်။
စာတည်း – လင်း