မိုးကုတ်၊ အောက်တိုဘာ ၁၊၂၀၂၅။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁ ရက် ဒီနေ့မနက် ၁၁ နာရီဝန်းကျင်မှာ မိုးကုတ်မြို့အနောက်ခြမ်း၊ ဒေါ်နန်းကြည်တောင် အနီးကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးတွေ ကြဲခဲ့ကာ ရေထွက်ကြီးကျေးရွာအနီးကို ကျခဲ့တာလို့ သိရပါတယ်။

“ရေထွက်ရွာက ၂ ယောက်ထိတယ်။ရေထွက်ကြီးသွားတဲ့လမ်း ညောင်ပင် မရောက်ခင် သံဗန်းတွေ လုပ်တဲ့အိမ်နားကျတာပါ။ အမျိုးသား ၂ ဦးလို့သိရပါတယ်”လို့ ဒေသခံတဦး ကပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲက ၁ ဦးကတော့ ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ စစ်ကော်မရှင်က မိုးကုတ်မြို့ကို လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ကလည်းထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်တပ်က မန္တလေးတိုင်းအတွင်း မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်တို့ကို ဆက်တိုက် လေကြောင်းတိုက်ခိုက်နေပြီး စက်တင်ဘာ ၁၆ ရက် မနက် ၇ နာရီကျော်မှာလည်း မိုးကုတ်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးဒဏ်ရာရရှိပြီး လူနေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓါတ်ပုံ – TNLA
သတင်း – မြတ်