ကြက်မောက်တောင်ဆည်ရေကျော်လို့ ပိတ်ထားတဲ့ ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းပိုင်းကို ဖြတ်သန်းခွင့်ပြန်ပေး

0 11
0 11

ကျောက်ပန်းတောင်း၊ အောက်တိုဘာ ၁၊ ၂၀၂၅။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကိုင်းရွာနဲ့ စည်ပင်သာရွာကြား ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းပိုင်း ရေအနည်းငယ်ပြန်ကျတာကြောင့် ခရီးသွားယာဥ်တွေကိုပြန်လည်ဖြတ်သန်းခွင့်ပေးနေပြီလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁ ရက်ဒီကနေ့မနက်ပိုင်းမှာ ရေအနည်းငယ်ပြန်ကျလာလို့ မနက် ၅ နာရီလောက်က စတင်ပြီး ကားလေးတွေအပါအဝင် ခရီးသွားယာဥ်တွေကို ပြန်လည်ဖြတ်သန်းခွင့်ပေးနေတာလို့ ဆိုပါတယ်။

“ရေကတော့ ဖြည်းဖြည်းချင်းပြန်ကျနေပြီး။ လမ်းပေါ်မှာတော့ရေကရှိနေတုန်း။ ကားတွေသွားနေတဲ့ အပိုင်းကလည်း ပထမ ကားကြီးတွေကို လွှတ်တယ်။ ခုကားလေးတွေပါ ပေးသွားနေပြီး။ ခုရေက ကားလမ်းပေါ်မှာ အနိမ့်ဆို ၁ ပေခွဲ ၂ ပေလောက်ရှိတယ်။ ကျန်တဲ့နေရာတွေတော့ လျော့လာပါပြီး။ “လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတဦးက ပြောပါတယ်။

ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့။

မိုးသည်းထန်စွာပြီး ကြက်မောက်တောင် ဆည်ထဲကို ဝင်လာတဲ့ရေပမာဏများလာပြီး ရေပိုလွှဲကနေ ရေတွေကျော်ကျလာတာကြောင့် စက်တင်ဘာ ၃၀ ရက် မနက် ၅ နာရီကျော်လောက်ကစတင်ပြီး ကျောက်ပန်းတောင်း-မိတ္ထီလာ လမ်းမကြီး၊ ကားလမ်း မိုင်တိုင်အမှတ် ၅၁/၄ ကနေ ၅၁/ ၇ အကြား ၃ ဖာလုံလောက်မှာ ရေကျော်ခဲ့တာပါ။

ရေကကားလမ်းပေါ်မှာ အနိမ့်ဆုံးနေရာ ၂ ပေခွဲကျော်နဲ့အမြင့်နေရာက ၂ ပေလောက်ထိမြင့်တက်ခဲ့ရာ ကားလေးတွေကို မပေးသွားတော့ဘဲ ကားကြီးတွေကိုသာဖြတ်သန်းခွင့်ပေးခဲ့ကာ ညနေ ၆ နာရီ နောက်ပိုင်းမှာတော့ ခရီးသွားကားတွေရဲ့ လုံခြုံရေးအရ ကားလမ်းကိုပိတ်လိုက်ပြီး ယာဥ်အားလုံးကို ဖြတ်သန်းခွင့်ပိတ်လိုက်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတဦးက ပြောပါတယ်။

ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့။
ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့။

ကားလမ်းရေကျော်နေတဲ့ နေရာတလျှောက်မှာ မီးသတ်၊ ရဲ၊ စစ်ကော်မရှင်တပ်နဲ့ လူမှုကူညီရေး အသင်းတွေက ရှင်းလင်းရေးလုပ်နေပြီး ရေစီးကြောင်းတလျှောက် လယ်ဧက ၂၀၀ ကျော် ရေနစ်မြုပ်တာဖြစ်ခဲ့ကာ ရေကြီးတာ ရက်ကြာပါကပျက်စီးမှုများနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၃၀ ရက်ထုတ်ပြန်ချက်အရ ကြက်မောက်တောင်ဆည်ဟာ ကန်ရေပြည့်အမှတ်ကိုကျော်လွန်ပြီး ရေပိုလွှဲတွေကနေ ရေကျော်ပြီး စီးဆင်းခဲ့ရာမှာ ဆည်ရေပြည့်အမှတ်ထက် ၃.၄၀ ပေအထိ ရေကျော်စီးဆင်းခဲ့တယ်လို့ သိရပါတယ်။

ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။