◼ အမေရိကန်အမျိုးသမီး ၁ ဦးအပါ ၂ ဦး ပျောက်ဆုံးနေပြီး ရုရှား ၁ ဦး အသက်ရှင်
မြေလတ်အသံ၊ စက်တင်ဘာ ၃၀၊ ၂၀၂၅ ။
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအနီးက ရှစ်ထပ်ရေတံခွန်တောင်ပေါ်ကနေ နိုင်ငံခြားသားတွေအပါအဝင် လူ ၅ ဦးပြုတ်ကျပြီး ၂ ဦးသေဆုံးကာ ၂ ဦးပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတွေထံက သိရပါတယ်။
စက်တင်ဘာ ၂၉ ရက် ယမန်နေ့ နေ့လယ် ၂ နာရီခန့်မှာ ရှစ်ထပ်ရေတံခွန်တောင်ပေါ်မှာ မန္တလေးမြို့၊ ၅၈ လမ်းအနီး ကိုယ်ပိုင်ကျောင်းတခုကလာရောက်တဲ့ လူ ၁၄ ဦးရေကစားနေချိန်မှာ တောင်ကျရေကျလာလို့ ရေစီးနဲ့အတူ လူ ၅ ဦးပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။


” သူတို့က ရာသီဥတုအခြေနေလည်းမသိတာ နယ်မြေခံတွေလည်းမမေးဘဲနဲ့သွားတာဆိုတော့ သူတို့သွားတဲ့အချိန် နေကအရမ်းပူနေတယ်။ ရေတံခွန်က ၈ ထပ်ထိရှိတာဆိုတော့ ၈ ထပ်ထိတက်တယ်။ ၈ ထပ်ရောက်တော့ရေစိမ်နေချိန် မိုးရွာလိုက်တော့ တောင်ကျရေကချက်ချင်းကျတဲ့အချိန် ရေလုံးရိုက်ပြီး ၅ ယောက်က ပါသွားတာ”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။
တောင်ကျရေနဲ့ပြုတ်ကျသွားသူတွေထဲက ရေတံခွန် ၃ ထပ်မှာ ခြေထောက်ကျိုးဒဏ်ရာနဲ့ အသက် ၄၃ နှစ်အရွယ် ရုရှားနိုင်ငံသားကို အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


ရေတံခွန်ရှစ်ထပ်ကနေ ပြုတ်ကျတာကြောင့် အသက် ၂၀ ကျော်အရွယ် မြန်မာအမျိုးသမီး ၂ ဦး ဟာကျောက်တုံးတွေအကြား ဦးခေါင်းကွဲ၊ အရိုးကျိုးဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး နောက်ထပ် အမေရိကန်နိုင်ငံသူ ၁ ဦးနဲ့ မြန်မာအမျိုးသမီး ၁ ဦးတို့ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ပျောက်ဆုံးနေတဲ့ အမျိုးသမီး ၂ ဦးကိုပြန်လည်တွေ့ရှိဖို့ မြန်မာနိုင်ငံမီးသတ်၊ ဒေသလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေရေးလုပ်နေကြပေမယ့် စက်တင်ဘာ ၃၀ ရက်မနက်ပိုင်းထိတော့ ပြန်မတွေ့သေးဘူးလို့ သိရပါတယ်။
ထိခိုက်သေဆုံးသူတွေကိုတော့ လူမှုကူညီရေးအသင်းတွေက ပြင်ဦးလွင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။
စာတည်း – ဟိန်းစံ