မင်းတုန်းမှာ စစ်ကော်မရှင်ကား ၁ စီးကို PDF သိမ်းဆည်းမီးရှို့

0 3
0 3

မြေလတ်အသံ၊ စက်တင်ဘာ ၂၉၊ ၂၀၂၅။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းမှာ မောင်းနှင်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ လိုက်စီးလာတဲ့ ကား ၁ စီးကိုသိမ်းဆည်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ United States Of Burma Army -USBA က စက်တင်ဘာ ၂၉ ရက်ဒီကနေ့မှာထုတ်ပြန်လာပါတယ်။

စက်တင်ဘာ ၂၈ ရက်ည ၁၁ နာရီကျော်က မင်းတုန်းမြို့ပေါ်ကနေမောင်းနင်လာတဲ့ အဆိုပါကားကို ကျောက်တိုင်ရွာအနီးမှာ စစ်ဆေးဖို့ရပ်တန့်ခိုင်းရာ မရပ်ဘဲပစ်ခတ်ထွက်ပြေးခဲ့ပြီးနောက် တော်လှန်ရေးတပ်တွေလိုက်လံပစ်ခတ်ချိန်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ကားကိုထားပြီးထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

“မီးရှို့ဖျက်ဆီးခဲ့တာပါ။ ကားမှာ စ** ၃ ဦးပါပါတယ်။ သူတို့က စမ်းကြီးရွာဘက် ပြေးသွားတာပါ”လို့ United States Of Burma Army – USBA တာဝန်ခံ ကိုဗဟိန်းကပြောပါတယ်။

ကားကို ညပိုင်းမှာသိမ်းဆည်းထားပြီးနောက် စက်တင်ဘာ ၂၉ ရက် ဒီမနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့ တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုအတွင်းမှာ USBA တပ်ဖွဲ့ဝင်တွေထိခိုက်မှုမရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ၄၀ မမ ဗုံးသီ ၅ လုံး၊ Euip ၁ စုံ၊ ဖုန်း ၁လုံး၊ ပိုက်ဆံအိတ် ၁ လုံး၊ ပိုက်ဆံ ၂ သိန်း ၆ သောင်းကျပ်၊ လက်ထိပ် ၁ စုံ၊ ဖိနပ် ၁ ရံ၊ ထီး ၁ ချောင်း၊ ဘေးလွယ်အိတ် ၁ လုံး၊ အဆောင်ယတြာ ၁ မျိုးအပါအဝင် ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ကိုဗဟိန်းကပြောပါတယ်။

ကားပေါ်ကနေ စမ်းကြီးကျေးရွာဘက်ကို ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးကို ည ၁၂ နာရီခန့်မှာ မင်းတုန်းမြို့ပေါ်ကနေ စစ်အင်အားအပြည့်တင်ထားတဲ့ Light-truck ကား ၁ စီးနဲ့ လာရောက် ခေါ်ဆောင်သွားခဲ့တယ်လို့သိရကြောင်း သူကဆက်ပြောပါတယ်။

ကျောက်တိုင်ရွာ နဲ့ စမ်းကြီးကျေးရွာအနီးတဝိုက်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့လည်း လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ကို USBA က တိုက်တွန်းထားပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။