တွင်းမ၊ စက်တင်ဘာ ၂၉၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာကထွက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီး လက်နက်သိမ်းဆည်းခဲ့တယ်လို့ 8+ အညာမြေ စစ်ဆင်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်မနေ့ကမနက် ၁၀ နာရီ ၄၅ မိနစ်မှာ တွင်းမရွာကထွက်လာတဲ့ အင်အား ၇ ဦးပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို သူတို့တပ်စွဲနေတဲ့စခန်းနဲ့ မီတာ ၄၅၀ အကွာမှာတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“တွင်းမရွာထဲကိုက ဒီကောင်တွေရိက္ခာပြတ်လပ်ပြီး သူတို့စခန်းရဲ့အနောက်တောင်ဘက်ဆီက ရေကန်မှာ ရိက္ခာရှာရင်းငါးမျှားထွက်လာရင်းနဲ့ ကျနော်တို့ကစောင့်ဆိုင်းပြီး ပစ်ခတ်ခဲ့တာ၊ သူတို့အနေနဲ့ ရိက္ခာပြတ်လပ်နေတယ်ဆိုတဲ့သတင်းတွေရော ကျနော်တို့အမြဲစောင့်ကြည့်နေတာရောကြောင့်မို့ အဲ့ကန်ကို ခပ်စိပ်စိပ်ထွက်လာတာကိုသိလို့ အသင့်စောင့်ပြီးပစ်ခတ်ခဲ့တာပါ” လို့ 8+အဖွဲ့ မှ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ချိန် မိနစ် ၂၀ ကြာမြင့်ခဲ့ပြီး ပစ်ခတ်မှုတွေအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ ဝင် ၂ ဦးသေဆုံးကာ MA 1 သေနတ် ၁ လက်ကိုလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“သူတို့ကလမ်းကြောင်း ၂ ကြောင်းခွဲပြီးတော့ထွက်လာတာ စုစုပေါင်းဆို အင်အားက ၇ ယောက် တိုက်ပွဲဖြစ်တဲ့နေရာနဲ့ သူတို့ရဲ့အထိုင်စခန်းဆို မီတာ ၄၅၀ ပတ်ချာလည်ပဲဝေးတယ်။ စစ်သား သေဆုံးတာလို့တော့ သိရပါတယ်ဗျ။ မျက်မြင်ကတော့ ၂ ယောက်သေဆုံးပါတယ်ဗျ၊ အထိအခိုက်များ လို့ ထပ်သေဆုံးစာရင်းတော့အတိအကျမသိရသေးပါဘူး” လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို 8+ အညာမြေစစ်ဆင်ရေးအဖွဲ့နဲ့အတူ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု-PLC၊ မြိုင်ပကဖ တပ်ခွဲ 1 တပ်ခွဲ 2၊ ကမ္မတပ်ပေါင်းစု၊ တမာမြေပြောက်ကျားတပ်ဖွဲ့ နဲ့ နယ်မြေခံမဟာမိတ် တပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့သိရပါတယ်။
ပစ်ခတ်မှုဖြစ်နေချိန်အတွင်းမှာလည်း စစ်ကော်မရှင်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ကာ စက်တင်ဘာ ၂၉ ရက် ဒီကနေ့မနက်မှာလည်း လက်နက်ငယ်ပစ်ဖောက်သံတွေကြားနေရတယ်လို့ ဆိုပါတယ်။
အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ တွင်းမကျေးရွာဟာ ပျူစောထီးအားကောင်းတဲ့ကျေးရွာတခုဖြစ်ပြီး ပျူစောထီးနဲ့ စစ်ကော်မရှင်တပ် အင်အား ၁၀၀ ဝန်းကျင်ခန့်တပ်စွဲထားတာကြောင့် ကျေးရွာနေပြည်သူတွေလည်း တိမ်းရှောင်နေရတာ ၃ နှစ်နီးပါးကြာမြင့်နေပြီလို့ ဆိုပါတယ်။
စာတည်း – လင်း