အုတ်ဖို၊ စက်တင်ဘာ ၂၉၊ ၂၀၂၅။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းအုပ်စု၊ ရှမ်းကုန်းရွာမှာ PDF တွေလာတာကို စစ်ကော်မရှင်တပ်သားတွေလာတယ်အထင်နဲ့ ဧည့်ခံတဲ့ရာအိမ်မှူး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့လယ် ၁၂ နာရီခန့်မှာ ရှမ်းကုန်းရွာ ရာအိမ်မှူး အသက် ၅၀ ကျော်အရွယ် ဦးမြင့်အောင်ကို သူ့နေအိမ်အတွင်းမှာ သေနတ်နဲ့ ၄ ချက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့သွားတာ အရပ်ဝတ်နဲ့။ ကျနော်တို့အဖွဲ့တွေဝင်သွားတော့ စ**တွေထင်လို့ ဆရာတို့က ဘယ်တပ်စိပ်ကလဲ မေးသေးတယ်။ ဆရာတို့ထိုင်ပါအုံး။ လက်ဖက်ရည်ကြမ်းသောက်ပါအုံး။ လက်ဖက်သုပ်အုံးမယ်ပြောပြီး ထရော သေနတ်နဲ့ ၄ ချက်ပစ်တာ။ ၃ ချက်ပဲထွက်ပြီး ၁ ချက်က ကျည်´အ´သွားတယ်။”လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
ရှမ်းကုန်းရွာအနီး မိုင်ဝက်လောက်အကွာမှာ ခမရ ၆ တပ်ရှိတာကြောင့် PDF တွေလာတာကို အဆိုပါ တပ်က တပ်သားတွေလာတယ်အထင်နဲ့ဧည့်ခံတာဖြစ်နိုင်ပြီး သေနတ်နဲ့အနီးကပ်ပစ်ခံရလို့ ရာအိမ်မှူး ဦးမြင့်အောင်မှာ ရင်ဘတ်ကျည်ထိဒဏ်ရာတွေနဲ့နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရာအိမ်မှူး မြင့်အောင်ဟာ စစ်မှုထမ်းဟောင်းတဦးဖြစ်သလို စစ်ကော်မရှင်တပ်ရဲ့ အမာခံထောက်တိုင်ဖြစ်ပြီး စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူတွေဆီက ငွေကြေးအတင်းအကြပ် ကောက်ခံတာ၊ စစ်မှုထမ်းကြေး မပေးသူတွေကို ဖမ်းဆီးခိုင်းတာ၊ လူငယ်တွေကိုစစ်မှုထမ်းဖို့အတင်းအကြပ် စုဆောင်းတာတွေ ပြုလုပ်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့သိရပါတယ်။
စက်တင်ဘာ ၇ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ စစ်တောကျေးရွာမှာ ဘေးတွဲဆိုင်ကယ်နဲ့လာတဲ့ ရာအိမ်မှူး ဦးသန်းစိုးဆိုသူ ပစ်သတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း