ပခုက္ကူ၊ မြိုင်နဲ့ ရေစကြိုအစပ်ကို စစ်ကြောင်းထိုးနေလို့ ဒေသခံ ၈,၀၀၀ နီးပါး ထွက်ပြေးနေရပြီး စစ်ရှောင်တဲ ၅၀ ကို စစ်တပ်မီးရှို့

0 21
0 21

ဒိန်းဂျား၊ ဟယ်သာ

ပခုက္ကူ၊ စက်တင်ဘာ ၂၃၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူ၊ မြိုင်နဲ့ ရေစကြိုမြို့နယ်တွေအစပ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၁ လောက်က ဒေသခံ ၈,၀၀၀ နီးပါး စစ်ရှောင်ထွက်ပြေးနေရပြီး စစ်တပ်စစ်ကြောင်းက စစ်ဘေးရှောင်တဲ အလုံး ၅၀ ကို မီးရှို့ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၂ ရက် ယမန်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ဌာနချုပ်က ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းဟာ ညနေ ၅ နာရီခန့်မှာ ရေစကြိုမြို့နယ်၊ ကွမ်းသီးကန်ရွာအနီးတောတိုက်ကို ရောက်ရှိလာပြီး စစ်ရှောင်တဲအလုံး ၅၀ ကို မီးရှို့သွားတာလို့ ဆိုပါတယ်။

” နေအိမ်ဆိုတာထက် စစ်ရှောင်စခန်းပုံစံမျိုးဆောက်ထားတဲ့ စစ်ရှောင်တဲတွေပါ၊ နေအိမ်ကနေပြီးတော့ စစ်ရှောင်ပြီး တောထဲမှာဆောက်ထားပြီး‌နေတဲ့ စစ်ရှောင်တဲတွေကို မီးရှို့သွားတာ၊ စစ်ရှောင်က တရွာလုံးနေတာ၊ ညနေဆို ကွမ်းသီးကန်ရွာတရွာလုံးက အဲ့ဒီဘက်ကို ရွှေ့နေကြတာ” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကွမ်းသီးကန်ရွာကို စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေနဲ့မကြာခဏပစ်ခတ်တာကြောင့် ရွာခံတွေဟာ ကျေးရွာအနီးတောတိုက်တွေမှာ စစ်ရှောင်တဲတွေဆောက်လုပ်ကာ ညဘက်သွားရောက်အိပ်ကြတာဖြစ်ပြီး အဲ့ဒီတဲတွေကို မီးရှို့သွားခဲ့တာလို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ စက်တင်ဘာ ၂၃ ရက် ဒီကနေ့မနက် ၈ နာရီခန့်မှာ မြို့နယ် ၃ ခုအစပ်ရွာတွေကို ဆက်လက်စစ်ကြောင်းထိုးနေပြီး လက်ရှိမှာ မြိုင်မြို့နယ်၊ ကင်းရွာအနီးကိုရောက်ရှိနေတယ်လို့သိရပါတယ်။

စစ်ကြောင်းကြောင့် ပခုက္ကူမြို့နယ် မြောက်လူးကန်၊ မကျီးကန်၊ ကိုင်းရွာ၊ မြိုင်မြို့နယ်က ကျောက်ဖူး၊ ဝက်ကျ၊ နှောပင်၊ ကင်းရွာနဲ့ ရေစကြိုမြို့နယ် ကွမ်းသီးကန်ရွာတွေအပါ ကျေးရွာ ၁၁ ရွာထက်မနည်းက ဒေသခံ ၈,၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ မြိုင်ဒေါင်းမင်းသတင်းမှန်ပြန်ကြားရေးတာဝန်ရှိက ပြောပါတယ်။

“ ကင်းရွာကတော့ရွာထဲကိုမနေကြတာကြာပြီ တောထဲကိုရှောင်နေကြတာ။ ရေစကြိုရယ် မြိုင်ရယ် ပခုက္ကူ အစပ်ဆိုရင် ၁၁ ရွာလောက်ရှောင်နေရတယ်” လို့ဆိုပါတယ်။

လက်ရှိမှာ အဲ့ဒီစစ်ကြောင်းဟာ မြိုင်မြို့နယ်၊ ကင်းရွာအနီးကနေ နှောကန်ရွာဘက်ကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။