ပေါက်၊ စက်တင်ဘာ ၂၃၊ ၂၀၂၅။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စွန်ဆိပ်ကုန်းကျေးရွာနဲ့ သံပုရာအိုင်ကျေးရွာက ဒေသကာကွယ်ရေးစခန်း ၂ ခုကို စစ်ကော်မရှင်တပ်က တိုက်ခိုက်သိမ်းပိုက်သွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့နဲ့နီးစပ်သူတွေထံက သိရပါတယ်။
စက်တင်ဘာ ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ယာကြီးပြင်ရွာပျူစောထီးစခန်းကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းဟာ စွန်ဆိပ်ကုန်းကျေးရွာရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းတခုကို တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ခံလိုက်ရတာလို့ ဆိုပါတယ်။
” ကျနော်တို့ဆီကို ရုတ်တရက်ဝင်လာပြီး ရွာကိုဝင်တယ်။ ပြီးတော့စခန်းကိုတန်းလာတယ်။ စခန်းကိုတော့ အင်အား ၅၀ လောက်နဲ့ဝိုင်းတယ်။ ပစ်ခတ်မှုက ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ခံပစ်သေးတယ်။ ကျနော်တို့လည်း အင်အားမမျှတော့ ဆုတ်ပေးလိုက်ရတယ်”လို့ ပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ အင်အားသုံးဝင်စီးတာခံရလို့ ကာကွယ်ရေးအဖွဲ့ဝင်တွေထိခိုက်ကျဆုံးတာမရှိဘဲ ကာကွယ်ရေးအဖွဲ့ပိုင် ငွေသားကျပ်သိန်း ၂၀၀၊ လက်နက် ၃ လက်၊ ဒရုန်း ၂ စီး၊ အိုင်ကွန် ၁၆ လုံး၊ ကျည်ကာဦးထုပ် ၂၁ လုံး၊ မိုင်းမျိုးစုံ ၄၅ လုံး စစ်သုံးပစ္စည်းတွေနဲ့စားသောက်ကုန် စုစုပေါင်း ခန့်မှန်း ကျပ်သိန်း ၇၀၀ ခန့် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ စွန်ဆိပ်ကုန်းစခန်းကို သိမ်းပိုက်ပြီးနောက် နေ့လယ် ၂ နာရီကျော်မှာ စွန်ဆိပ်ကုန်းနဲ့ ၁ မိုင်ကျော်အကွာရှိ သံပုရာအိုင်ကျေးရွာဒေသကာကွယ်ရေးစခန်းကို ထပ်မံဝင်ရောက်စီးနင်းပြီး ဆေးပစ္စည်းတွေနဲ့ရိက္ခာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ဒေသကာကွယ်ရေးစခန်းတွေကို စီးနင်းမီးရှို့ပြီးတဲ့နောက် ယာကြီးပြင်ကျေးရွာစခန်းကို နေ့ချင်းပြန်ဆုတ်ခွားသွားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်သားတွေ စစ်ကြောင်းထိုးဝင်လာလို့ စွန်ဆိပ်ကုန်း၊ သံပုရာအိုင်ကျေးရွာတွေက ဒေသခံ ၁,၅၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရပြီး စက်တင်ဘာ ၂၃ ရက် ဒီကနေ့မှာ ဒေသခံအချို့နေရပ်ပြန်လည်ဝင်ရောက်နေထိုင်နေပြီလို့ သိရပါတယ်။
စစ်ကော်မရှင်ထောက်ခံတယ်လီဂရမ်တွေမှာတော့ စွန်ဆိပ်ကုန်းကျေးရွာနဲ့ သံပုရာအိုင်ကျေးရွာက PDF စခန်းတွေကိုသိမ်းဆည်းရမိပြီး လက်နက်၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ရိက္ခာ၊ ဆေးဝါးပစ္စည်းတွေကို သိမ်းဆည်းရမိတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဖော်ပြထားပြီး မှတ်တမ်းဓာတ်ပုံတွေဟာ သိမ်းပိုက်ခံလိုက်ရတဲ့ စခန်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့ပိုင်ပစ္စည်းတွေဖြစ်ကြောင်း မြေပြင်တပ်ဖွဲ့ဝင်တွေက အတည်ပြုပါတယ်။
ဩဂုတ်လ ၂၂ ရက်ကလည်း ပေါက်မြို့နယ်၊ ဆယ်ဝကျေးရွာမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ရွာခံ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ