မြေလတ်အသံ၊ စက်တင်ဘာ ၂၂၊ ၂၀၂၅။
ပရီးမီးယားလိဂ် ပွဲစဉ် ၅ တနင်္ဂနွေည အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့တွေ့ဆုံမှုမှာ ၁ ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
ပထမပိုင်း ၉ မိနစ်မှာ အာဆင်နယ်ကွင်းလယ်က အချိတ်အဆက်မှားယွင်းမှုတွေကနေတဆင့် မန်ချက်စတာစီးတီးကို ဦးဆောင်ဂိုး စတင်ခွင့်ပြုလိုက်ရပြီး ဒီဂိုးကိုတော့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းက အမှားအယွင်းမရှိ သွင်းယူသွားခဲ့တာပါ။
အဲ့ဒီနောက် ပထမပိုင်းအတွင်းမှာပဲ အိမ်ရှင်အာဆင်နယ်က ချေပဂိုးရရှိရေး ကြိုးစားခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၄ ကြိမ်နဲ့ ထောင့်ကန်ဘော ၅ ကြိမ်ရရှိခဲ့ပေမယ့် မန်စီးတီး ဂိုးသမား ဒွန်နာရမ်မာကို ကျော်ဖြတ်ပြီး ဂိုးရယူနိုင်ခဲ့ခြင်းမရှိလို့ ပထမပိုင်းမှာ ၀-၁ နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းစစချင်းမှာပဲ အာဆင်နယ်က တိုက်စစ်ကစားသမား ၂ ဦး အပြောင်းအလဲပြုလုပ်ခဲ့ပြီး ချေပဂိုးရရှိရေး ပိုမို ကြိုးစားလာခဲ့သလို မန်ချက်စတာစီးတီးကလည်း အဝေးကွင်းနိုင်ပွဲရရှိအောင် ခံစစ်ကိုအဓိက ဆော့ကစားခဲ့ပြီး ဒိုကူရဲ့ အတိုးအလှုပ်တွေကနေတဆင့် တန်ပြန်တိုက်စစ်ဆင်ခဲ့တာကြောင့် ၂ သင်းလုံး အကြိတ်အနယ်ရှိခဲ့တာပါ။
ပွဲကစားချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုမှာ အာဆင်နယ်အသင်း လူစားဝင်ကစားသမား မာတင်နယ်လီက လူကျွံထောင်ချောက်ကိုကျော်ဖြတ်ပြီး အသင်းအတွက် ချေပဂိုးကို ပြန်လည်ရယူပေးနိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာတော့ ၁-၁ ရလဒ်နဲ့ သရေကျခဲ့ပါတယ်။
နောက်တန်းကျစ်လစ်မှု၊ ဂိုးသမား လက်စွမ်းပြမှုတွေနဲ့ ပွဲချိန် မိနစ် ၉၀ လုံးအနိုင်ရလဒ်ကို ထိန်းသိမ်းလာနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးကတော့ နာကျင်အချိန်ပိုမှာပေးခဲ့ရတဲ့ချေပဂိုးကြောင့် အာဆင်နယ်အိမ်ကွင်းကနေ ၃ မှတ်အပြည့်ရယူနိုင်မယ့်အခွင့်အရေးကနေလွဲချော်ခဲ့ပြီး ပွဲစဉ် ၅ အပြီးမှာ အဆင့် ၉ နေရာမှာရပ်တည်နေပါတယ်။
ချန်ပီယံ လီဗာပူးလ်အသင်းကို ဖိအားပေးနိုင်ရေးကြိုးစားနေတဲ့ အာဆင်နယ်ကတော့ ဒီနေ့ သရေပွဲကြောင့် အမှတ်ထပ်လျော့ခဲ့ရပြီး လက်ရှိ အဆင့် ၂ မှာပဲ ဆက်လက်ရပ်တည်နေတယ်ဆိုပေမယ့် အဆင့် ၁ နေရာက လီဗာပူးလ်နဲ့ ၅ မှတ်အထိ ကွာဟခဲ့ပြီဖြစ်သလို အဆင့် ၃ က စပါး၊ အဆင့် ၄ က ဘုန်းမောက်တို့နဲ့ ရမှတ်တူဖြစ်နေတာကြောင့် အာဆင်နယ်အသင်းအတွက် ဖိအားများစေမယ့် အခြေအနေပဲ ဖြစ်ပါတယ်။