မြေလတ်အသံ၊ စက်တင်ဘာ ၂၁၊ ၂၀၂၅။
ပရီးမီးယားလိဂ်ပွဲစဉ် ၅ စနေနေ့ညရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲစဉ်မှာတော့ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ယူနိုက်တက်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပထမပိုင်းပွဲကစားချိန် ၅ မိနစ်မှာပဲ အမ်ဘူမိုကို ဂိုးဧရိယာပြင်ပမှာ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှု လုပ်ခဲ့တာကြောင့် ချဲလ်ဆီးဂိုးသမား ရောဘတ်ဆန်းချက် အနီကဒ်နဲ့ထုတ်ပယ်ခံခဲ့ရပြီး အိမ်ရှင်ယူနိုက်တက်တို့ ပြိုင်ပွဲကို ဦးဆောင်ခွင့်ရခဲ့တာပါ။
အဲ့ဒီနောက် ယူနိုက်တက်က ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဘရူနိုဖာနန်ဒက်က ၁၄ မိနစ်နဲ့ ကက်စမဲရိုးက ၃၇ မိနစ်တို့မှာ သွင်းဂိုးတွေရရှိခဲ့ပြီး ပထမပိုင်းမှာပဲ ၂ ဂိုးပြတ်နဲ့ ယူနိုက်တက်တို့အသာရခဲ့သလို ချဲလ်ဆီးအသင်းကလည်း ၁ ယောက်လျော့အနေအထားမှာ ခံစစ်အားပြုပြီး တန်ပြန်တိုက်စစ်ကစားခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။
ပထမပိုင်းပြီးကာနီး နာကျင်အချိန်ပိုမှာ ယူနိုက်တက်ကွင်းလယ်လူ ကက်စမဲရိုး က ပြစ်ဒဏ်ဘောကျူးလွန်ခဲ့လို့ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ၂ သင်းလုံး ၁၀ ယောက်စီနဲ့ ဆက်လက်ယှဉ်ပြိုင်ရခဲ့ပြီး ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးက ချေပဂိုးတွေ ပြန်လည်ရရှိဖို့ကြိုးစားရင် တိုက်စစ်ကိုပိုမိုအားပြုကစားခဲ့ပြီး ယူနိုက်တက်ကတော့ အနိုင်ရလဒ်သေချာစေဖို့ သတိကြီးကြီးနဲ့ ခံစစ်ကစားခဲ့ကာ တန်ပြန်တိုက်စစ်တွေကနေပဲ ဂိုးရရှိရေး ကြိုးစားခဲ့တာ တွေ့ရပါတယ်။
ဒုတိယပိုင်း မိနစ် ၈၀ မှာတော့ ချဲလ်ဆီး နောက်ခံလူ ချာလိုဘက် ရဲ့ ခေါင်းတိုက်သွင်းဂိုးကနေ ချေပဂိုး ၁ ဂိုး ရရှိခဲ့ပြီးတဲ့နောက် သရေရလဒ်ရနိုင်ဖို့ လက်ကျန်မိနစ်တွေမှာ ကြိုးစားခဲ့ကြပေမယ့် ယူနိုက်တက်ရဲ့ခံစစ်နဲ့ ဂိုးသမားရဲ့ ကာကွယ်မှုတွေကြောင့် နောက်ထပ် ဂိုးမရဘဲ ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ ယူနိုက်တက်က အနိုင်ရရှိခဲ့တာပါ။
ဒီပွဲမှာ ချဲလ်ဆီးက နည်းပြ အန်ဇို မာရက်စကာရဲ့ အဝါကဒ်အပါအဝင် အဝါကဒ် ၆ ကဒ်နဲ့ အနီကဒ် ၁ ကဒ်ပြခံခဲ့ရပြီး ယူနိုက်တက်ကတော့ ကက်စမဲရိုး ၂ ဝါ ၁ နီ ပြခံခဲ့ရတာကြောင့် ကြမ်းကြမ်းတမ်းတမ်းနဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲတခု ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ပထမပိုင်းမှာ မိနစ် ၄၀ လောက် ၁ ယောက်အသာနဲ့ကစားခဲ့ရတဲ့ အိမ်ရှင်ယူနိုက်တက်အသင်းက သူတို့လိုအပ်နေတဲ့ အနိုင်ရလဒ်ကို ပုံဖော်သွားနိုင်ခဲ့ပြီး ဒါက ယူနိုက်တက်အတွက် ဒီရာသီ ဒုတိယမြောက်နိုင်ပွဲဖြစ်ခဲ့ကာ ချဲလ်ဆီးအသင်းကတော့ ဒီရာသီ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရပြီပဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် ၅ စနေနေ့ပွဲစဉ်တွေအပြီးမှာတော့ ချဲလ်ဆီးက အဆင့် ၅ နေရာနဲ့ ယူနိုက်တက်က အဆင့် ၉ နေရာတို့မှာ ယာယီရပ်တည်နေကြပါတယ်။