တပ်မတော် နာမည်ကောင်းကျန်အောင် လုပ်ကြဖို့ စစ်ခေါင်းဆောင် တိုက်တွန်း

0 10
0 10

တပ်မိသားစုဝင်တွေ လူမှုကွန်ယက်အသုံးပြုမှုကို စစ်ဆေးကြပ်မတ်ရမယ်လို့ ဆို

မြေလတ်အသံ၊ စက်တင်ဘာ ၂၀၊ ၂၀၂၅။

တပ်မတော် နာမည်ကောင်းကျန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့နဲ့ တပ်မိသားစုဝင်တွေ လူမှုကွန်ယက်အသုံးပြုမှုကို စစ်ဆေးကြပ်မတ်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မှာကြားလိုက်ပါတယ် ။

စက်တင်ဘာ ၁၉ ရက်မှာ တနင်္သာရီတိုင်း၊ မြိတ်မြို့ကိုရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်က ၎င်းရဲ့ လက်အောက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နဲ့မိသားစုတွေနဲ့ တွေ့ဆုံရာမှာ အခုလိုတိုက်တွန်းပြောဆိုခဲ့တာပါ။

” မိမိကိုယ်ကို ကောင်းအောင်ထိန်းသိမ်းဆောင်ရွက်ပြီး တပ်မတော်သားကောင်းများပီသစွာဖြင့် နိုင်ငံတော်နှင့်တပ်မတော်အပေါ်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ တပ်မတော်အတွက် နာမည်ကောင်းကျန်အောင် အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း ” ဆိုကာ စစ်ခေါင်းဆောင် က ပြောပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ၎င်းတို့ရဲ့မိသားစုဝင်တွေအနေနဲ့ လူမှုကွန်ယက်အသုံးပြုရာမှာ အဖွဲ့အစည်းကို ထိခိုက်စေနိုင်မှုမရှိအောင် အသုံးပြုရန်လိုကြောင်းနဲ့ လူမှုကွန်ယက်အသုံးပြုမှုကို တာဝန်ရှိသူတွေက စစ်ဆေးကြပ်မတ်ကြဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေအနေနဲ့ အသောက်အစား၊ အပျော်အပါးနဲ့ပတ်သက်ပြီး တဦးချင်းအနေနဲ့ အသိတရားနဲ့ ထိန်းသိမ်းနေထိုင်ကြရမယ်လို့လည်း ၎င်းက ပြောပါတယ်။

ဩဂုတ် ၁ ရက်မှာ စစ်ကောင်စီကို ဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသာယာရေးကော်မရှင်(နလအ) ကို ဖွဲ့စည်းကာ နလအဥက္ကဌအဖြစ် အာဏာကိုဆက်လက်ချုပ်ကိုင်ထားပြီးတဲ့နောက် ပဲခူးတိုင်း၊ မကွေးတိုင်းက ၎င်းရဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို လိုက်လံတွေ့ဆုံနေကာ လက်ရှိမှာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။