မြင်းခြံမှာ ဘုန်းကြီးကျောင်းပေါ်ဗုံးကြဲလို့ သံဃာ ၁ ပါးပျံလွန်

0 7
0 7

မြင်းခြံ၊ စက်တင်ဘာ ၁၉၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်တိုင်ကျေးရွာကို စစ်ကော်မရှင်ဘက်က ဂျိုင်ရိုကော်ပတာ (gyrocopter)နဲ့ဗုံးကြဲလို့ သံဃာ ၁ ပါး ပျံလွန်တော်မူကာ အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ရွာခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၁၀ နာရီကျော်ခန့်မှာ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ (gyrocopter) ၃ စီးဟာ ကျေးရွာဘုန်းကြီးကျောင်းနဲ့ကျေးရွာအပြင်ဘက် တောစပ်ကို ဗုံး ၄ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

ကျေးရွာ တောင်ပိုင်းကိုကြဲခဲ့တဲ့ ဗုံးစထိမှန်တာကြောင့် အသက် ၆၀ ကျော်အရွယ် ဒေါ်ခင်မြင့် ဆိုသူလည်ပင်းထိမှန်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း အဆောက်အအုံ ဗုံးကြဲခံရမှုမှာတော့သက်တော် ၆၀ ကျော်အရွယ်ရှိ သံဃာ ၁ ပါးပျံလွန်တော်မူကာ ဘုန်းကြီးကျောင်းအဆောက်အဦး ၂ လုံးလည်းပျက်စီးသွားတယ်လို့ သိရပါတယ်။

Photo -မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

“ဘုန်းကြီးကျောင်းထဲမှာ ၂ လုံး။ ကျောက်တိုင်ရွာတောင်ဘက် တောစပ်ကို ၂ လုံး။ ရွာတောင်ဘက်ကျတာက အမျိုးသမီးကြီး ၁ ဦးလည်ပင်းအစမှန်တယ်။ ရွာအရှေ့ဘက်ဘုန်းကြီးကျောင်းထဲကျတာတော့ ဦးဇင်း ၁ ပါးပျံလွန်တော်မူတယ်”လို့ ရွာခံတဦးကပြောပါတယ်။

စစ်ကော်မရှင်ဘက်က ဗုံးလာကြဲတဲ့ ကျောက်တိုင်ကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိသလို ဒေသကာကွယ်ရေးအဖွဲ့တွေအခြေစိုက်လှုပ်ရှားတာလည်းမရှိဘူးလို့ သူကဆက်ပြောပါတယ်။

ဗုံးကြဲခံရပြီးနောက် ရွာခံတွေက ကျေးရွာကနေ ထွက်ပြေးတာမျိုးမရှိကြဘဲ ပုံမှန်အတိုင်းလှုပ်ရှားသွားလာနေကြတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာကို စစ်ကော်မရှင်တပ်သားတွေ စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးနဲ့ပစ် မီးရှို့လို့ စစ်ရှောင် ၃ ဦးဒဏ်ရာရကာ နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – မြတ်

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။