ပေါင်းတည်က Non CDM ပြန်လုပ်တဲ့ဆရာမ ဖမ်းဆီးခံရ

0 1
0 1

ပဲခူး၊ မတ် ၃၀၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့က Non CDM ပြန်လုပ်ပြီး စာပြန်သင်နေတဲ့ကျောင်းဆရာမတဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါင်းတည်မြို့၊ အုပ်ဖို ၁ ရပ်ကွက်၊ ၃၉ လမ်းနေ အသက် ၃၀ နှစ်အရွယ် အထက်တန်းပြဆရာမ ဒေါ်နွယ်နီအောင်ကို မတ်လ ၂၇ ရက်ညနေပိုင်းမှာ ဖမ်းဆီးခဲ့တာလို့ မြို့ခံတဦးက ပြောပါတယ်။

“ရဲစခန်းက ခေါ်ခိုင်းလို့ဆိုပြီး အုပ်ကြီးနဲ့အရပ်ဝတ်ရဲ ၂ ဦးက သူ့အိမ်ကို လာခေါ်တာ။ သူ့ယောကျာ်းရော ကလေးရော ပါသွားတယ်။ ည ၁၀ နာရီလောက်ရောက်မှ ယောကျာ်းနဲ့ကလေးကို ပြန်လွှတ်ပြီး ဆရာမကို ဖမ်းထားလိုက်တာ” လို့ ပြောပါတယ်။

ဒေါ်နွယ်နီအောင်ကို ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်ဆိုတာကို ပေါင်းတည်ရဲက မတ်လ ၂၈ ရက်မှာ မြို့နယ်ပညာရေးမှုးရုံးကို လာရောက်ပြီး အသိပေးစာ ပို့သွားတယ်လို့ သိရပါတယ်။

CDM ကနေ Non CDM ပြန်လုပ်ကာ စာသင်ပေးနေတာဖြစ်ပြီး၊ ဖေ့စ်ဘုတ်ခ်မှာ ကွန်မန့်ဝင်ရေးရာက အဖမ်းခံရတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ဘာကြောင့် အဖမ်းခံရလဲဆိုတာကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲဖြစ်ကာ လက်ရှိမှာတော့ သူ့ကို ပေါင်းတည်ရဲစခန်းမှာပဲ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

ဒေါ်နွယ်နီအောင်ဟာ ပေါင်းတည်မြို့နယ်၊ ပေါက်တန်း အထက ကျောင်းကနေ CDM ဝင်ခဲ့သူဖြစ်ပြီး၊ Non CDM ပြန်လုပ်ချိန်မှာတော့ မြို့ရဲ့အနောက်ဘက် ပေါက်မှော် အထက ကို ပြောင်းရွှေ့ခံထားရသူလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။