မြင်းမူမှာ ရပ်ကျေးပကဖစခန်း စီးနင်းမီးရှို့ခံရပြီး လက်နက်ခဲယမ်းတချို့ဆုံးရှုံး

0 35
0 35

မြင်းမူ၊ စက်တင်ဘာ ၁၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ပဲကူကျေးရွာက ရပ်ကျေးပကဖစခန်းတခုကို စစ်ကော်မရှင်တပ်တွေက မီးရှို့ဖျက်ဆီးပြီးနောက် လက်နက်ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းသွားတယ်လို့ မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၁၅ ရက် နေ့လယ် ၂ နာရီခန့်မှာ မြင်းမူမြို့ဘက်ကနေ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ပျူစောထီးအဖွဲ့ဟာ ပဲကူကျေးရွာအပြင်ဘက်ရှိ အထက်ပါ ကျေးရွာပကဖ စခန်းကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

“သူတို့ဆီမှာလည်း သတင်းပေးပါတယ်။ စခန်းဝင်စီးပြီး မီးရှို့သွားတာ။ တိုက်ပွဲကတော့ ပဲကူးရွာထဲတော့ မဖြစ်ဘူး၊ အပြင်ဘက် ထိတွေ့မှုပုံစံနည်းနည်းတော့ရှိခဲ့တယ်။ ကိုယ့်ဘက်ကတော့ ထိခိုက်မရှိဘူး။ သူတို့ဘက်ကထိခိုက်ရှိ မရှိတော့မသိဘူး။ ညပိုင်းမှာရွာကနေ ပြန်ထွက်သွားတယ်”လို့ မြင်းမူမြို့နယ် ပကဖ တာဝန်ရှိသူတဦးကပြောပါတယ်။

တိုက်ပွဲဖြစ်ချိန် စခန်းရှိတပ်ဖွဲ့ဝင်တွေဆုတ်ခွာသွားတာကြောင့် ထိခိုက်သေဆုံးမှုတွေမရှိခဲ့ဘဲ စစ်ကော်မရှင်စစ်ကြောင်းဟာ စခန်းတဲတွေကို မီးရှို့သွားပြီးနောက် လက်လုပ် ၉ လက်၊ ခဲယမ်းအနည်းငယ်၊ ရိက္ခာတွေ၊ တဲအဆောက်အဦ ၃ လုံး၊ ဆိုင်ကယ် ၂ စီး သိမ်းဆည်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဘက်က စစ်ကြောင်းထိုးလာတာကြောင့် ပဲကူ၊ ရုံခါး၊ ညောင်ပင်ကန်ကျေးရွာတွေက ဒေသခံ ၂,၀၀၀ ခန့်ဟာ စက်တင်ဘာ ၁၅ ရက်ကတည်းက ထွက်ပြေးခဲ့ရပြီး စစ်ကြောင်းပြန်သွားပြီးနောက် ကျေးရွာကို ပြန်ရောက်လာကြပြီလို့ ဆိုပါတယ်။

စစ်ကော်မရှင်ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာလည်း ပဲကူးရွာအနီး ပကဖစခန်းတခုကိုသိမ်းပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ပုံနဲ့တကွဖော်ပြထားကာ ပုံပါပစ္စည်းတွေဟာလည်း ရပ်ကျေးပကဖစခန်းက ဟုတ်မှန်ကြောင်း မြင်းမူမြို့နယ် ပကဖ တာဝန်ရှိသူတဦးက အတည်ပြုပါတယ်။

စစ်ကြောင်းကတော့ စခန်းကိုမီးရှိ့ဖျက်ဆီးတဲ့နေ့မှာပဲ မြင်းမူဘက်ကို ပြန်ဆုတ်သွားပြီး စက်တင်ဘာ ၁၇ ရက် ဒီကနေ့အထိ ထပ်မံစစ်ကြောင်းထိုးတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်ကလည်း စစ်ကော်မရှင်စစ်ကြောင်းဟာ မြင်းမူမြို့နယ်၊ ခြေတော်ရာကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၆ လုံးမီးလောင်ပျက်စီးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။