ဘုတလင်မှာ အမျိုးသား ၆ ဦးကို စစ်တပ်က ကြိုးတုပ်ပြီးဖမ်းခေါ်သွား

စစ်ကိုင်း၊ မတ် ၂၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က အမျိုးသား ၆ ဦးကို စစ်ကောင်စီတပ်သားတွေက မတ်လ ၂၉ ရက်ဒီနေ့လယ် ၁၂ နာရီလောက်မှာ ကြိုးတုပ်ပြီးဖမ်းခေါ်လာတာကို တွေ့လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ သပြေကန်၊ ရွှေတောင်၊ ရှမ်းတဲ၊ လွဲတဲ၊ မျောက်တောကြီး၊ မျောက်ကျီ စတဲ့ကျေးရွာတွေ ကို စစ်ကြောင်းထိုးခဲ့ပြီးနောက် အမျိုးသား ၆ ဦးကို ဖမ်းဆီးလာပြီး ဘုတလင်မြို့ထဲကို ခေါ်သွားတယ်လို့ ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ခံက ပြောပါတယ်။

“စကစတွေ စစ်ကြောင်းထိုးခဲ့တဲ့ရွာတွေက မြို့ရဲ့တောင်ဖက်မှာ ရှိတာ။ မြို့နဲ့ သိပ်မဝေးပါဘူး။ ဖမ်းလာတဲ့အမျိုးသား ၆ ယောက်ကိုတော့ ၂ ယောက်တတွဲစီ ကြိုးတုပ်ပြီးတော့ မြို့ထဲကို ခေါ်သွားတာ။ သူတို့ဘယ်ရွာက ဆိုတာကိုတော့ မသိရှိရသေးဘူး” လို့ ဆိုပါတယ်။

အဖမ်းခံရသူတွေဟာ အသက် ၂၀ နဲ့ ၃၀ နှစ်အရွယ်တွေဖြစ်ပြီး၊ သူတို့နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မသိရှိရသေးပေမယ့် စစ်ကြောင်းထိုးခံရတဲ့ ကျေးရွာတွေက ဒေသခံတွေ ဖြစ်နိုင်တယ်လို့ အထက်ပါတာဝန်ရှိသူက ခန့်မှန်းပါတယ်။

“ဒီနေ့မှာ တိုက်ပွဲလည်း မရှိဘူးဗျ။ စကစတွေက ရွာတွေကို ဝင်ပြီးစစ်ဆေးတာတွေ နေ့တိုင်းလိုလိုလုပ်နေတာ။ ဒီနေ့အဖမ်းခံရသူတွေကလည်း စကစတွေ ဝင်စစ်ခဲ့တဲ့ ရွာခံသားတွေ ဖြစ်နိုင်တယ်” လို့ ဆိုပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲအချက်အလက်တွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

အဲ့ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့မတ်လ ၂၅ ရက်မှာလည်း အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ ဆုံကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး၊ ကျေးရွာထဲ ပိတ်ကျန်ခဲ့တဲ့ မျက်မမြင် အဘွားအို ၂ ဦးနဲ့ လေဖြတ်နေတဲ့ အဘွားအို ၂ ဦးအပါအဝင် ၇ ဦး မီးလောင်သေဆုံးခဲ့ကာ အိမ်ခြေ ၁၇၅ လုံးလည်း ပြာကျပျက်စီးခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။