မတ္တရာမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၂ ဦးအပါ ၆ ဦး သေဆုံး

0 12
0 12

မြေလတ်အသံ၊ စက်တင်ဘာ ၁၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို စစ်ကော်မရှင်တပ်က စက်တင်ဘာ ၁၅ ရက်နေ့လယ် ၁ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်၊ အရှေ့မြောက်ခြမ်းရှိ ဒီယာနဲ့ ဥက္ကံစတဲ့ကျေးရွာ ၂ ရွာအနီး ကားလမ်းမကို တိုက်ခိုက်ရေးလေယာဥ် ၂ စီး၊ ပေါင် ၅၀၀ နဲ့ ၃၀၀ ဗုံးသီး ၃ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်တာလုံးဝမရှိပါဘူး။ ဥက္ကံနဲ့ ဒီယာရွာက ၂ မိုင်လောက်ပဲဝေးပါတယ်။ ဗုံးသီးက နေအိမ်ပေါ်ကျလားဆိုတော့ ကားလမ်းဘေးဝန်းကျင်ကျတာ။ ကားလမ်းဘေးက ပြည်သူတွေသေရတာပါဗျ”လို့ Wetlet Informational Network မှ တာဝန်ရှိသူ အမျိုးသားတဦးကပြောပါတယ်။

သေဆုံးသူ ၆ ဦးမှာ ဥက္ကံကျေးရွာမှ အမျိုးသား ၃ ဦး နဲ့ ဒီယာကျေးရွာမှ အမျိုးသား ၃ ဦးတို့ဖြစ်ပြီး အဲဒီထဲမှာ အသက် ၁၀ ကျော်အရွယ်အမျိုးသား ၂ ဦးပါဝင်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဆက်သွယ်ရေးအခက်အခဲကြောင့် လောလောဆယ် မသိရှိရသေးဘူးလို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၁၃ ရက်ကလည်း မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ အင်ကြင်းမြိုင် ကျေးရွာအနီးကို စစ်ကော်မရှင်တပ်က Y12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုရင် ၁ ပါးအပါအဝင် ၃ ဦးသေဆုံးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။