မြေလတ်အသံ၊ စက်တင်ဘာ ၁၆၊ ၂၀၂၅။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်က စက်တင်ဘာ ၁၆ ရက် ဒီမနက် ၇ နာရီ ကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးဒဏ်ရာရရှိပြီး လူနေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း၊ အုန်းကိုင်းရွာသစ်ရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးကို စစ်ကော်မရှင်ရဲ့ တိုက်ခိုက်ရေးလေယာဥ် ၁ စီးက ဗုံး ၁ လုံးကြဲချခဲ့ရာမှာ ထိခိုက်ခဲ့ကြတာပါ။

“သက်လတ်ပိုင်း ပြည်သူအမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရပါ။ လူအသေအပျောက်မရှိခဲ့လို့ ကံကောင်းတယ်လို့ပြောရမယ်။”လို့ မိုးကုတ်မြို့ ခံ အမျိုးသားတဦးက ပြောပါတယ်။
ပျက်စီးသွားတဲ့နေအိမ်တွေဟာ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးက လူနေအိမ် ၄ လုံးဖြစ်ပြီး ဘုန်းကြီးကျောင်းကတော့ ပျက်စီးမှုမရှိခဲ့ဘူးလို့ အထက်ပါအမျိုးသားက ပြောပါတယ်။


အလားတူ သြဂုတ် ၂၅ ရက်ကလည်း မိုးကုတ်မြို့၊ စည်ပင်သာယာရပ်ကွက်ကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦး ထိခိုက်ပြီး လူနေအိမ် ၅ လုံး ပျက်စီးခဲ့ပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ဩဂုတ်လအတွင်းမှာ စစ်ကော်မရှင်တပ်က မိုးကုတ်မြို့ပေါ်ကို ဗုံး ၅ ကြိမ် စုစုပေါင်း ဗုံးသီး ၁၁ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သာမဏေ ၂ ပါး၊ ကလေးငယ် ၄ ဦး၊ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၄၁ ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် – TNLA ရဲ့ မှတ်တမ်းအရ သိရပါတယ်။
စာတည်း – လင်း