မတ္တရာမှာ လေကြောင်းကနေဗုံးကြဲလို့ ကိုရင်နဲ့ သီလရှင်အပါ ၃ ဦးသေဆုံး

0 17
0 17

မတ္တရာ၊ စက်တင်ဘာ ၁၄၊ ၂၀၂၅။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့မြောက်ခြမ်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ကိုရင် ၁ ပါးအပါအဝင် ၃ ဦးသေဆုံးတယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေထံက သိရပါတယ်။

စက်တင်ဘာ ၁၃ ရက် ည ၇ နာရီခန့်မှာ စစ်ကော်မရှင်တပ်က Y12 လေယာဥ်နဲ့ အင်ကြင်းမြိုင်ကျေးရွာအနီးဝန်းကျင်က တောင်ကြောတွေကို ဗုံးကြဲချခဲ့ရာ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

” တောင်ကြောတွေပေါ်မှာ PDF တွေရှိတယ်အထင်နဲ့ ဗုံးလာကြဲတာ။ တောင်အောက်မှာက ဘုန်းကြီးကျောင်း၊ မယ်သီလရှင်ကျောင်းတွေရှိတော့ လျှောက်ချတာဆိုတော့ အဲ့လိုနဲ့ထိကုန်တာ။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဗုံးထိမှန်တာကြောင့် အသက် ၁၁ နှစ် ကိုရင် ၁ ပါး၊ အသက် ၇၀ နှစ် သီလရှင် ၁ ပါးနဲ့ အသက် ၄၀ နှစ် အမျိုးသမီး ၁ ဦးတို့သေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းက အဆောက်အအုံတွေလည်း ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးလာကြဲချိန် သံဃာတော်၊ ကိုရင်၊ မယ်သီလရှင်တွေနဲ့ ကျေးရွာနေပြည်သူတွေက ပုန်းအောင်းနေရပြီး ရွာကနေစွန့်ခွာထွက်ပြေးကြတာတော့မရှိဘူးလို့ ဆိုပါတယ်။

စက်တင်ဘာ ၁၃ ရက် ယမန်နေ့မှာပဲ သပိတ်ကျင်းမြို့နယ်၊ ညောင်ပင်သာနဲ့ ကျောက်ဖြာရွာတွေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ကလေး ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးပြီး မတ္တရာနဲ့သပိတ်ကျင်းမှာ တရက်တည်း အရပ်သား ၅ ဦးသေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။