ရေစကြိုမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ဒဏ်ရာရသူများ

0 2
0 2

ကျော်ကြီးဒိန်းဂျား

ရေစကြို၊ မတ် ၂၇၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာက စစ်ကောင်စီတပ်တွေနဲ့ ရေစကြိုမြို့ပေါ် အမှတ် ၁ ရပ်ကွက်ရှိ ကပ်ကျော်ကျောင်းက စစ်ကောင်စီတပ်တွေကို ဒေသခံကာကွယ်ရေးတပ်တွေက မတ်လ ၂၆ ရက်မနေ့က တိုက်ခိုက်ခဲ့ပါတယ်။

မင်းရွာမှာ အင်အား ၈၀ ကျော်နဲ့တပ်စွဲထားတဲ့ စစ်သားနဲ့ပျူစောထီးတွေကို မနေ့ည ၇ နာရီခန့်မှာ ဒရုန်းသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ Myingyan District Drone strike အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ဒရုန်း ၂ စီးနဲ့ ဗုံး ၁၄ လုံးချခဲ့တာ။ ရွာထိပ်က ကင်းစခန်းရယ်။ သူတို့စုနေတဲ့ အထိုင်နေရာရယ်ကို ဗုံးချခဲ့တာ။ ချသမျှဗုံး အကုန်ကွဲပါတယ်။ အဲဒီရွာမှာ ပျူနဲ့စကစတွေ တပ်စွဲထားတာက ကြာပါပြီ။ ရွာကတော့ရွာကြီးပါ။ အဲ့ဒီရွာက ပျူနဲ့ စကစ က ညဘက်တွေဆို နီးစပ်ရာရွာတွေဘက်ကို စစ်ကြောင်းထိုးတာတွေ ရှိတယ်” လို့ ပြောပါတယ်။

Myingyan District Drone strike အဖွဲ့၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၃၊ အမှတ် ၄ တပ်ရင်း၊ MG 6 ပြောက်ကျားတပ်၊ စည်တော်ကြီး ဒေသကာကွယ်ရေးပြောက်ကျားတပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မင်းရွာမှာရှိနေတဲ့ စစ်အုပ်စုဟာ အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးချိန် တွေမှာ နေအိမ်တွေ ဖျက်ဆီးတာ၊ ပစ္စည်းတွေယူတာတွေကြောင့် အနီးအနားဝန်းကျင် ၅ ရွာလောက်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

ရေစကြိုမြို့ အမှတ် ၁ ရပ်ကွက်ရှိ ကပ်ကျော်ကျောင်းတိုက်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုကိုတော့ Myingyan Black Tiger (MBT)၊ မုံရွာခရိုင် တပ်ရင်း (၁၂)တပ်ခွဲ (၄) မီးတောက်တပ်ခွဲ၊ ဗိုလ်ကြာစိ ဦးဆောင်တဲ့ နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ်စစ်ကြောင်း (၁)၊ 8 stars မြင်းခြံပြောက်ကျားတပ်ဖွဲ့တို့က မနေ့နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာပါ။

“၁၁ နာရီဝန်းကျင်လောက်မှာ ဖရဲသီးရဲ့သတင်းပေးချက်အရ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ ဒီကောင်တွေရေချိုးနေတယ်ပြောလို့ တိုက်ခိုက်ခဲ့တာ၊ သူတို့ရဲ့ကင်ပုန်းနဲ့တွေ့ပြီး သူတို့ဘက်က စပစ်ခဲ့တယ်။ ကျနော်တို့ပြန်ပစ်ပြီး ပစ်ဆုတ် ဆုတ်လာခဲ့တာ၊ ကင်းပုန်းဝတ်နေတဲ့ကောင်ရဲ့လက်မောင်းရဲ့အောက်တချက် ရင်အုံမှာတချက် မှန်တယ်” လို့ Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက ပြောပါတယ်။

အဲ့ဒီကျောင်းတိုက်ထဲမှာ စစ်သားနဲ့ရဲ ၁၂ ဦးလောက် တပ်စွဲနေရာ သူတို့ကို ပြောက်ကျားနည်းစနစ်နဲ့ တိုက်ခိုက်ခဲ့ပြီး ပစ်ခတ်ချိန် ၃ မိနစ်ပဲ ကြာခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပစ်ခတ်ခံရတဲ့ရဲတပ်သားဟာ ရေစကြိုမြို့နယ်ဆေးရုံကြီးမှာ အသက်လု ကုသနေရကာ ဒီအခြေအနေကိုတော့ တပ်တွင်းသတင်းပေးတွေရဲ့ ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တာလို့ ဗိုလ်မိုက်ခဲက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်ကလည်း ရေစကြိုမြို့ မြို့မရဲစခန်းကို Myingyan Black Tiger – MBT အဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ‌ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။