စစ်ကောင်စီနဲ့ပတ်သက်လို့ ဝမ်ပေါင်ကြေးနီကုမ္ပဏီကို သတိပေးတိုက်ခိုက်

0 1
0 1

စစ်ကိုင်း၊ မတ် ၂၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်း၊ ညောင်ပင်ကြီးရွာနားက Myanmar Wanbao Mining Copper Limited ကို စစ်ကောင်စီနဲ့မပတ်သက်ဖို့ ဒရုန်းနဲ့ ဗုံး ၂ လုံးချကာ သတိပေးတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ မတ်လ ၂၅ ရက်မနက် ၈ နာရီလောက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့ဆက်လက်မပတ်သက်ဖို့၊ စစ်ကောင်စီတပ်တွေကိုလက်ခံမထားဖို့၊ စားနပ်ရိက္ခာထောက်ပံ့မှု လုပ်နေတာတွေကို ရပ်တန်းကရပ်ဖို့ သတိပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ဝမ်ပေါင်လုပ်ကွက်ထဲကို တခု၊ စစ်သားတွေစောင့်နေတဲ့ဂိတ်ကိုတခု တိုက်ခိုက်ခဲ့တယ်၊ ဝမ်ပေါင်က စစ်သားတွေလက်ခံတယ်၊ စစ်ကြောင်းလာရင် ဝမ်ပေါင်က ကားတွေနဲ့ အကြိုအပို့လုပ်တယ်၊ ရိက္ခာတွေပေးတယ်၊ ဝမ်ပေါင်ထဲကနေ ဘေးနားကရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေလုပ်တယ်၊ ကုမ္မဏီက အကြီးကဲတွေအနေနဲ့ ဒါမျိုးတွေဆက်လုပ်နေမယ်ဆို ကျနော်တို့က စပြီးတိုက်ခိုက်တော့မှာပါ” လို့ Salingyi Special Task Force တာဝန်ခံ ကိုဖိုးဇေက ပြောပါတယ်။

မတ်လ ၂၄ ရက်မှာ မုံရွာကနေထွက်လာတဲ့စစ်ကြောင်းကို ဝမ်ပေါင်ကုမ္မဏီထဲမှာရှိတဲ့ စစ်တပ်သုံးကားတွေနဲ့ သွားကြိုတဲ့အပြင် ကုမ္မဏီမှာညအိပ်နားပြီးနောက် မတ်လ ၂၅ ရက်နေ့မှာတော့ ဆားလင်းကြီးမြို့ပေါ်မှာ ၃ နေရာခွဲကာနားပြီး ရွာတွေကို စစ်ကြောင်းထိုးဖို့ ပြင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါဝမ်ပေါင်ကြေးနီကုမ္မဏီဟာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထွက်ရင် တပ်သားတွေစားဖို့ ထမင်းဘူးတွေ ထုပ်ပေးလေ့ရှိပြီး ဝမ်ပေါင်ထဲကနေထွက်ပြီး ရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတာ ၄ ကြိမ်ရှိပြီလို့ ဆိုပါတယ်။

“ကုမ္မဏီအနေနဲ့ သီးသန့်ရပ်တည်နေမယ်ဆို တိုက်ခိုက်စရာအကြောင်းမရှိဘူး၊ တိုက်ဖို့ဆန္ဒလည်းမရှိဘူးဗျ၊ စစ်ကောင်စီကို အထောက်ပံ့ဖြစ်စေတဲ့ အရာတွေလုပ်နေလို့ တိုက်ခိုက်ရတာ၊ ဝမ်ပေါင်ထဲကထွက်ပြီးစစ်ကြောင်းထိုးတာ ၄ ခေါက်ရှိပြီ၊ အဲ့စစ်ကြောင်းတွေအတွက် ရိက္ခာလုပ်ပေးတယ်၊ ရှေ့ ၃ ခေါက်‌က ကျောက်ဖြူတိုင်၊ မိုးကြိုးပြင်၊ ဖောင်းကတာ အဲ့ရွာတွေ မီးရှို့ခံရတယ်” လို့ ပြောပါတယ်။

အဆိုပါ Myanmar Wanbao Mining Copper Limitedဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လလယ်လောက်ကတည်းက ဝန်ထမ်းတွေ CDM လုပ်လို့ ကုမ္မဏီပိတ်ထားခဲ့တာဖြစ်ပြီး အခုကတော့ စစ်ကောင်စီတပ်တွေ အဝင်ထွက်ပြုလုပ်နေတဲ့နေရာတခုဖြစ်နေပြီလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။