လက်ပံတန်း၊ စက်တင်ဘာ ၁၀၊ ၂၀၂၅။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သစ်ဟောင်းပြင်ကျေးရွာမှာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရပြီး အမျိုးသမီး ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
စက်တင်ဘာ ၉ ရက်နေ့လယ် ၁၂ နာရီခန့်မှာ လက်ပံတန်းမြို့ပျူစောထီးအဖွဲ့တွေက သစ်ဟောင်းပြင်ကျေးရွာအနီး တမိုင်ကျော်လောက်ကနေကျေးရွာထဲကို ဒရုန်းနဲ့ဗုံးသီး ၂ လုံးလာကြဲချသွားတယ်လို့ ဆိုပါတယ်။
“အိမ်မှာနေရင်းနဲ့ကိုထိတာ။ ရွာထဲအိမ်တွေမှာရှိနေတာ။ ဗုံးတွေကပြင်းတယ်။ အိမ်တွေပေါ်ကျတာနဲ့ ပွင့်ကျလန်ထွက်ကုန်တာ။ အိမ် ၂ အိမ်ပျက်ပြီး အမျိုးသမီး ၂ ဦးသေပြီး ၂ ဦးဒဏ်ရာရသွားတာ။ မိသားစုဝင်တွေပဲ”လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။
စစ်ကော်မရှင်တပ်က မြို့နယ်အလိုက် ပျူစောထီးအဖွဲ့တွေဆီ ဒရုန်းတွေပေးထားတာရှိနေပြီး ပျူစောထီးအဖွဲ့တွေက ရရှိထားတဲ့ ဒရုန်းတွေကို စမ်းသပ်မောင်းနှင်ပြီး ကြုံတဲ့နေရာကို ဗုံးလိုက်ကြဲနေတာလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ဗုံးကျပေါက်ကွဲလို့ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ဒေါ်ခင်လှိုင်၊ အသက် ၅၀ ဝန်းကျင်ရှိ ဒေါ်စန်းဌေးတို့ နေရာတင်သေဆုံးပြီး အသက် ၉ နှစ်အရွယ် မယွန်းဝတီနဲ့ အသက် ၄၅ နှစ်အရွယ် မညိုမီလှိုင်တို့ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင်နေအိမ် ၂ လုံးမီးလောင်ပျက်စီးသွားပြီး ဒဏ်ရာရသူ ၂ ဦးကိုတော့ နီးစပ်ရာဆေးရုံပို့ထားရကာ သေဆုံးသွားသူတွေကိုတော့ နေ့ချင်းသင်္ဂြိုဟ်လိုက်ပြီလို့ သိရပါတယ်။
ဒရုန်းဗုံးချခံရတာကြောင့် အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ သစ်ဟောင်းပြင်ကျေးရွာက ဒေသခံအများစုဟာ ဘေးလွတ်ရာကိုတိမ်းရှောင်သွားကြရပြီး လူနည်းစုလောက်က ရွာမှာဆက်ရှိနေပါတယ်။
စက်တင်ဘာ ၄ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ သရက်ချောင်းရွာမှာ စစ်ရှောင်ရာကနေ နေအိမ်ခေတ္တပြန်နေနေတဲ့အမျိုးသား ဒရုန်းဗုံးထိမှန်လို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
စာတည်း – လင်း