မတ္တရာမှာ စစ်ဘေးရှောင်လင်မယားနှစ်ဦး ခေါင်းဖြတ်အသတ်ခံရ

0 96
0 96

မန္တလေး၊ စက်တင်ဘာ ၈၊ ၂၀၂၅။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စစ်ဘေး‌‌ရှောင် လင်မယားနှစ်ဦးကို စစ်ကော်မရှင်တပ်က ခေါင်းဖြတ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စက်တင်ဘာ ၆ ရက် ညနေပိုင်းက မတ္တရာမြို့နယ်အရှေ့ခြမ်း၊ ရွာကြီးကုန်းကျေးရွာက အသက် ၄၀ ဝန်းကျင် စစ်ဘေး‌ရှောင်လင်မယားနှစ်ဦးကို ညောင်ပင်သာကျေးရွာအနီးမှာ သတ်ဖြတ်သွားတာလို့ သိရပါတယ်။

“စစ်ကြောင်းတွေလာလို့ ရှောင်ခိုင်းတော့ ဒီလင်မယားက စားစရာလည်းမရှိ၊ သွားစရာလည်းမရှိလို့ ကပ်ရှောင်တာ။ အဖမ်းခံရရင်လည်း ဒီအတိုင်းပဲ ပြောလို့ရလိမ့်မယ်လို့ ထင်ပုံရှိပါတယ်။ ဖြစ်တာက ၆ ရက်နေ့ညနေ ၆ နာရီလောက်ကလည်ပင်းဖြတ်ပြီး အသတ်ခံထားရတဲ့ အလောင်းတွေ တွေ့တာ”လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မကျီးကုန်းရွာမှာ စစ်ရှောင်ပြည်သူ ၃၀ ခန့်ကို ဖမ်းဆီးခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကြောင်းဟာ မတ္တရာမြို့နယ်အရှေ့ခြမ်း၊ ညောင်ပင်သာရွာအနီးမှာရှိနေပြီး ကင်းရွာမှာလည်း စစ်ကြောင်းတကြောင်းနဲ့ ငါးလုံးပြွန်ကျေးရွာမှာလည်း စစ်ကြောင်းတွေရှိနေတယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာတိုက်ပွဲတွေကြောင့် ပြည်သူတသောင်းကျော် စစ်ဘေးရှောင်နေရပြီး အခက်အခဲတွေလည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

သတင်း – မြတ်

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။