ကနီလေကြောင်းတိုက်ခံရမှု လူငယ်အမျိုးသား ၁ ဦး ဦးခေါင်းပြတ်သေဆုံး

0 31
0 31

ကနီ၊ စက်တင်ဘာ ၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သမင်ခြံကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာခံလူငယ်အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၃ ရက် မနေ့နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီတိုက်လေယာဥ် ၁ စီးဟာ သမင်ခြံကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာနေအိမ် ၁ ခုတွင်းကျရောက်ပေါက်ကွဲပြီး အသက် ၁၇ နှစ်အရွယ်အမျိုးသား ၁ ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ အိမ်သာကျင်းအသစ် တူးထားတာပေါ့နော်၊ အဲဒီကျင်းထဲကို ကလေးကဆင်းပြီးတော့ ရှောင်လိုက်တာပေါ့။ လေယာဉ်လာတဲ့အခါကျမှ ကလေးက ကျင်းထဲကိုဆင်းပြီး ပုန်းတာပေါ့။ ပုန်းတဲ့အချိန်မှာမှ ဘေးအိမ်က သားမိ ၂ယောက်ကို လက်ယက်ပြီး သူ့ဆီလာဆိုပြီး ထခေါ်လိုက်တဲ့အချိန်မှာ ဒီအိမ်သာကျင်းတူးထားတဲ့တွင်းနှုတ်ခမ်းကို (ဗုံးက) လာကျတာ”လို့ ရွာခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

ဗုံးထိမှန်တာကြောင့် လူငယ်အမျိုးသားဟာ ​ဦးခေါင်းပြတ်တောက်သေဆုံးခဲ့ပြီး ခြံဝန်းအတွင်းရှိ အိမ်မွေးတိရစ္ဆာန်တွေလည်း ဒဏ်ရာရရှိခဲ့ကာ သမင်ခြံရွာကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။

“ သူတို့က **ဒရုန်းနဲ့အရင် ကင်းထောက်တယ်၊ **ဒရုန်းပတ်လာပြီဟေ့ ဆိုလို့ရှိရင် နောက်နာရီဝက် ၁ နာရီလောက်ပေါ့နော်၊ အဲဒီလောက်ဆိုရင် လေယာဉ်အမြဲတမ်းလာတယ်ပေါ့နော်။ အဲဒီလိုမျိုးအနေအထားကနေပြီး ပြည်သူလူထုအနေနဲ့က သက်ကြီးရွယ်အို၊ ဘုန်းကြီး၊ ရဟန်းသံဃာမှမကဘူးပေါ့နော်၊ အကုန်လုံး ထွက်ပြေးရတဲ့ အနေအထားကို ဖြစ်နေပြီ၊ **ဒရုန်းပတ်လာပြီဟေ့ဆိုရင် ရွာခံတွေအကုန် ထွက်ပြေးရတာပေါ့နော” လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

ဩဂုတ် ၃၁ ရက်မှာလည်း သမင်ခြံကျေးရွာလေကြောင်းတိုက်ခိုက်ခံရတာကြောင့် ရွာခံ ၁ ဦး သေဆုံးထားပြီး ၁ ပတ်အတွင်း လူ ၂ ဦးသေဆုံးခဲ့ကာ ယခုနှစ်အတွင်း လေယာဥ်ဗုံးကြောင့်သေဆုံးသူ ၄ ဦးအထိ ရှိလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာကထွက်လာတဲ့ အင်အားရာချီပါ ပျူစောထီးနဲ့ စစ်ကော်မရှင်ပူးပေါင်းစစ်ကြောင်းက ကနီနဲ့ယင်းမာပင်အစပ်က ရွာတွေကို ရောက်ရှိနေတာကြောင့် ကနီမြို့နယ်ထဲက ကျေးရွာဒေသခံတွေစစ်ရှောင်ဖို့ပြင်ဆင်နေရတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။