ကပစ ၆ အနီးက ဆင်လန်ကာကင်းစခန်းကို AA ထိုးစစ်ဆင်တိုက်ခိုက်

0 68
0 68

မြေလတ်အသံ၊ စက်တင်ဘာ ၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့နယ်ရှိ အမှတ် ၆ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ ကပစ ၆ အနီးက ဆင်လန်ကျေးရွာရှိ စစ်ကော်မရှင်တပ်ရဲ့ကာကင်းစခန်းကို အာရက္ခတပ်တော် – AA နဲ့ ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဆင်လန်ကျေးရွာစခန်းကို သြဂုတ် ၃၁ ရက် မနေ့ကမနက်ပိုင်းကနေ ညနေ ၅ နာရီအထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က လေကြောင်းပစ်ကူတွေပါ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

“AA ကရှေ့ကို တဖြည်းဖြည်းတိုးနေတယ်လို့သိရတယ်။ မနေ့ကတိုက်ပွဲမှာတော့ လေယာဉ်ပျံသံတွေ ကြားရတယ်။ ဗုံးကြဲချသံတွေကိုလည်း ကြားရတယ်။ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေကိုတော့ တောက်လျှောက်ကြားခဲ့ရတယ်။ ဒီနေ့ကတော့ ဘာအသံမှကိုမကြားရတော့ဘူး။ ငြိမ်နေတယ်”လို့ မြေပြင်အခြေအနေကိုသိရှိသူ ဥသျှစ်ပင်ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း လူနာတင်ယာဥ် ၁ စီးနဲ့ ဥသျှစ်ပင်မြို့ပေါ်ကနေ နေ့လယ် ၁ နာရီမှာ ၁ ကြိမ်၊ ညနေ ၃ နာရီမှာ ၁ ကြိမ်၊ ညနေ ၆ နာရီမှာ ၂ ကြိမ် စုစုပေါင်း ၄ ကြိမ်အထိ ရွှေတောင်မြို့ရှိ ကုတင် ၁၀၀ ဆေးရုံကို ဒဏ်ရာရတဲ့ စစ်ကော်မရှင်တပ်သားတွေကိုပို့ဆောင်ခဲ့ရတယ်လို့ နောက်ထပ် မျက်မြင် ဥသျှစ်ပင်မြို့ခံ အမျိုးသားတဦးကပြောပါတယ်။

တိုက်ပွဲအတွင်း ၂ ဖက်ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည် မပြုနိုင်သေးပါဘူး။

ဆင်လန်ကျေးရွာဟာ ညောင်ကျိုးနဲ့ ညောင်ခြေထောက်ကျေးရွာ ၂ ရွာကြားမှာတည်ရှိပြီး ညောင်ကျိုးကျေးရွာနဲ့ ၄ မိုင်ခန့်၊ ကပစ ၆ တည်ရှိတဲ့ ညောင်ခြေထောက်ကျေးရွာနဲ့ ၇ မိုင်ခန့်ကွာဝေးပါတယ်။

ညောင်ကျိုးကျေးရွာရှိစခန်းဗျူဟာစခန်းကုန်းကို အာရက္ခတပ်တော် – AA က ပြီးခဲ့တဲ့ ဧပြီ ၅ ရက်မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကော်မရှင်တပ်က အဲဒီစခန်းနဲ့ ၄ မိုင်ခန့်ဝေးတဲ့ ဆင်လန်ကျေးရွာမှာ ကာကင်းစခန်းကို အခိုင်အမာတည်ဆောက်ခဲ့တာလို့သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ရခိုင်ပြည်နယ်အစပ်၊ ပန်းတောင်း-တောင်ကုတ်လမ်းပိုင်း၊ ရခိုင်ရိုးပေါ်ရှိ ညောင်ကျိုးစခန်းအပါအဝင် မိုးထိစခန်း၊ တောင်ပုံကြီးစခန်း၊ ပန်းကန်ကွဲစခန်းတို့ကို အာရက္ခတပ်တော် – AAက သိမ်းပိုက်ထားပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။