မြောင်၊ ဩဂုတ် ၃၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြောင်လမ်းခွဲကနေ အလ္လကပ္ပရွာဘက်ကိုလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးများပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းခဲ့တယ်လို့ Black Eagle Defence Force – MMU ဆီက သိရပါတယ်။
စစ်ကော်မရှင်တပ်တွေက စစ်ကား ၂ စီး၊ ခြေလျင်အင်းအား ၂၀ ကျော်နဲ့လာချိန် သြဂုတ် ၃၀ ရက်မနေ့ကမနက် ၆ နာရီက မြောင်မြို့မြို့နယ် လမ်းပိုင်းတနေရာမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မြောင်လမ်းခွဲကနေ အလ္လကပ္ပရွာကို ကင်းပုန်းဝပ်ပြီး ပိုက်ဆံကောက်ဖို့လာတာ၊ လမ်းဘေးဝဲယာကို ဂန်းတွေနဲ့ပစ်ပြီး ကား ၂ စီးက နောက်ကလိုက်လာတာ၊ သူတို့ကင်းထွက်လာတာကို စောင့်ပြီးတော့ တိုက်ခိုက်တာ၊ ပထမဆုံးကားကို RPG နဲ့ထုလိုက်တာ ထိသွားပြီးတော့ ကားပေါ်က ဘာမှပြန်မလုပ်နိုင်ဘဲနဲ့ ခြေလျင်လျှောက်လာတဲ့ စစ်**တွေနဲ့ ပစ်ခတ်မှုဖြစ်တယ်၊” လို့ Black Eagle Defence Force-MMU တာဝန်ခံရှိသူတဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးတာကို အတည်ပြုနိုင်ပြီး MA 11 ၂ လက်၊ ကျည် ဘောက် ၁ ခု၊ အီနာဂါ ၁ လုံး တို့ကို သိမ်းဆည်းနိုင်ခဲ့ပြီး တန်ပြန်တိုက်ခိုက်မှုတွေလုပ်တာကြောင့် လက်နက်တွေ အကုန်မသိမ်းနိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။
“ကော်မရှင်ဘက်က ၁၃ ဦးသေပြီး ကျန်တဲ့သူတွေကတော့ ဒဏ်ရာရတယ်၊ သူတို့ဘက်က လွတ်သွားတဲ့ ၁ ကောင်နဲ့ ကျန်တဲ့ကင်းဝပ်တဲ့ကောင်တွေက ကောင်တာပြန်လို့ ကျနော်တို့ရဲဘော် ၁ ဦး ခြေထောက်ကျည်ထိတာတွေရှိတယ်၊ ကျနော်တို့ ကားတွေကိုတက်ပြီး သိမ်းမယ်လုပ်တဲ့အချိန်မှာ မြင်းမူကနေ ကား ၂ စီးထွက်လာတာတွေရှိတယ်၊ ရဲဘော်ကျည်ထိတာကော ကျည်အခက်အခဲရှိတာတွေကြောင့် လက်နက်တွေတော့ အကုန်မကောက်နိုင်ဘူး” လို့ Black Eagle Defence Force-MMU တာဝန်ခံရှိသူတဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ တပ်ဖွဲ့ဦးဆောင်ပြီး Black Eagle Defence Force(MMU)၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁ တပ်ခွဲ ၂ ၊ အလ္လကပ္ပတိုက်နယ်တပ်ဖွဲ့အပါအဝင် မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်ကလည်း မြင်းမူမြို့နယ်၊ မြင်းမူ-မုံရွာ-မန္တလေး လမ်းတနေရာမှာ ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Black Eagle Defence Force(MMU) က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်က ၄ ဦးသေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း